Tuesday, December 29, 2015

ဒေါက်တာဂွစာ (၃)

ဒေါက်တာဂွ သူ့ သူငယ်ချင်း ဆရာဝန်နှင့် စကားပြောနေသည်...

"ခင်ဗျား... လူနာကို ဝမ်းနှုတ်ဆေးနဲ့ အိပ်ဆေး တွဲပေးဖူးလား?"

"ဟင့်အင်း... မပေးဖူးဘူး... ခင်ဗျားရော?"

"ကျွန်တော်လည်း မပေးဖူးပါဘူး... ဒါပေမယ့် စမ်းတော့ ကြည့်ချင်မိတယ်... ရလဒ်က အင်မတန် စိတ်ဝင်စားစရာ ကောင်းတာကလား... " :P

Thursday, December 24, 2015

ဒေါက်တာ ဂွစာ (၁)

"ဆံပင် မဖြူအောင် ဘာလုပ်ရမလဲ ဆရာ?"
"ကတုံးတုံးလိုက်..."
------------------------

"ဆရာ... ကျွန်မ စိတ်ဖိစီးမှုတွေ များနေတယ်... အဲဒါ ပထမ ဆရာဝန်တစ်ယောက်က အပန်းဖြေစခန်း တစ်ခုကိုသွားဖို့ ပြောတယ်...
ဒုတိယ ဆရာဝန်က လမ်းများများလျှောက်လို့ပြောတယ်...
ဆရာကရော ဘယ်လိုအကြံဉာဏ်များ ပေးချင်သလဲရှင့်..."
"အပန်းဖြေစခန်းတစ်ခုကို ခြေလျင်လျှောက်သွား..."
------------------------

"ဆရာ ခေါင်းတခြမ်းကိုက်နေလို့..."
"ရော့... ဒီဆေးကို တခြမ်းခြမ်းသောက်..."
"ဘယ်ဖက် ခြမ်းကို သောက်ရမလဲ ဆရာ..."
"ခင်ဗျား ခေါင်းကိုက်တာ ဘယ်ဖက်လဲ?"
"ညာဖက်ပါ..."
"ဒါဆို ညာဖက်ခြမ်းကိုသောက်..."
------------------------

"ဆရာ... ကျွန်မ ကိုယ်အလေးချိန် ချချင်လို့ပါ..."
"ခေါင်းကို ဘယ်ညာ ယိမ်းပေးပါ..."
"ဘယ်အချိန်မှာ လုပ်ရမှာလဲရှင့်?"
"တစ်ခုခု စားပါဦးလို့ အမေးခံရတဲ့ အချိန်တိုင်း..."
------------------------

"ဆရာ ကျွန်မသားလေး ဘိလပ်မြေတွေ စားမိလို့... အဲဒါ ကျွန်မ ရေတွေ အများကြီး တိုက်ထားပါတယ်... ဘာဆက်လုပ်ရမလဲရှင့်?"
"ခင်ဗျားသားကို ထုံးနဲ့ သဲ ထပ်မစားမိစေဖို့ စောင့်ကြည့်ပေတော့..."


ဒေါက်တာ ဂွစာ (၂)

တနေ့ ဒေါက်တာဂွ တစ်ယောက် ဘာစိတ်ကူးပေါက်သည်မသိ တစ်နေကုန် လာသမျှ လူနာများကို ဆေးတမျိုးထဲသာ ပေး၍ ကုသနေလေသည်...

"ကျွန်မ နှာတွေ မွှန်နေလို့ ဆရာ..."
"ဘာမီတွန် သောက် ..."
-----

"ကျွန်တော် ပန်းခင်းထဲက အပြန် Allergy တွေ ထ...ထ.."
"ဘာမီတွန် သောက် ..."
-----

"အသားတွေ ယားနေလို့ပါ ဆရာ..."
"အိုဗျာ...ဘာမီတွန် သောက် ..."
-----

ထိုစဉ် အမျိုးသမီးတစ်ဦး ရောက်လို့လာသည်...

"ဆရာ... ကျွန်မလေ ကလေးမရအောင် တားချင်လို့ပါဆရာ..."

ဒီတခါတော့ ဒေါက်တာဂွ တွေဝေသွားသည်... ကလေးမရအောင် တားချင်လို့ ဆိုပါလား... ဒါမျိုးလာမလုပ်နဲ့လေ ဒေါက်တာဂွ ဆိုတာ ခေသူမှမဟုတ်တာ... ခေတ္တမျှ စဉ်းစားပြီး ပြောချလိုက်တာက

"ခင်ဗျား ယောကျ်ားကို နေ့တိုင်း ဘာမီတွန် ၂ လုံး တိုက်အိပ်ပေတော့..."

ကျော်စွာသက် (24.12.15)

သမီးလေးပေးတဲ့ လက်ဆောင်




        တစ်ခုသော Christmas ကာလတစ်ခုမှာ ဖခင်တစ်ဦးဟာ ၃ နှစ်အရွယ် သူ့သမီးငယ်လေးကို packing ထုတ်တဲ့ ရွှေရောင် စက္ကူစလေး စုတ်ပြဲနေအောင် ဆော့ကစားလို့ ရိုက်နှက် အပြစ်ပေးပါသတဲ့... အဆိုပါ စက္ကူစနဲ့ ထုတ်ထားတဲ့ ဗူးလေးကို သူတို့အိမ်ထဲက Christmas သစ်ပင်အောက်မှာ ချထားတာကို သူသတိထားမိခဲ့ပါတယ်... နောက်နေ့ မနက်မှာတော့ သူ့သမီးလေးရဲ့ အပြုအမူကြောင့် သူအံ့သြရပါတယ်... ညက ချထားတဲ့ ဗူးလေးကို လက်ထဲမှာ ကိုင်ပြီး သူ့အနားကိုလာကာ

"ဒါ... ဖေကြီးအတွက် လက်ဆောင်..." တဲ့လေ...

ဒါပေမယ့် ခနကြာတော့ သူစိတ်တိုရပြန်ပါရော... ဘာကြောင့်လဲ ဆိုတော့ သူ့ကိုပေးတဲ့ ဗူးလေးကို ဖွင့်ကြည့်တဲ့အခါ အထဲမှာ ဘာပစ္စည်းမှ မပါလို့ပါ...

"သူများကို လက်ဆောင်ပေးရင် ဗူးထဲကို ပစ္စည်းတစ်ခုခု ထည့်ပေးရတယ်ဆိုတာ ညည်းမသိဘူးလား!!" 

လို့ ဒေါသတကြီး အော်ဟစ်မိတဲ့ အထိပါပဲ... သမီးငယ်ဟာ မျက်ရည်စက်လက်နဲ့ သူ့မျက်နှာကို မဝံ့မရဲကြည့်ရင်း

"သမီး ထည့်ထားပါတယ်... ဖေကြီးအတွက် အနမ်းတွေ အများကြီး ဗူးထဲကို ထည့်ပေးထားတယ်လေ..." တဲ့...

        ဒီအခါမှာတော့ ဖခင်ဖြစ်သူဟာ အလွန် စိတ်မကောင်း ဖြစ်ရပါတော့တယ်... သမီးငယ်ကို ပွေ့ဖက်ရင်း သူ့အပြုအမူအတွက် တောင်းပန်စကားအခါခါ ပြောမိတော့တာပေါ့... များမကြာမီ ကာလမှာပဲ သမီးလေးဟာ မတော်တဆမှု တစ်ခုကြောင့် သေဆုံးသွားပါသတဲ့... ကျန်ရစ်ခဲ့တဲ့ ဖခင်ကြီးဟာ သမီးလေးပေးခဲ့တဲ့ ရွှေရောင်ဗူးလေးကို သူ့ကုတင်ဘေးမှာ အမြဲတမ်း သိမ်းထားပါတယ်... သူစိတ်အားငယ်တဲ့အခါတိုင်း ရွှေရောင်ဗူးလေးကို ထုတ်ယူပြီး သမီးလေးပေးခဲ့တဲ့ လေထဲက စိတ်ကူး အနမ်းလေးတွေကို ခံယူရင်း သမီးလေးရဲ့ ချစ်ခြင်း မေတ္တာ တရားတွေကို ခံစားကာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင် သွားခဲ့ပါတယ်...

-----------------------------------------------------

        ဒီပုံပြင်လေးလိုပါပဲ... ကျွန်တော်တို့ ဘဝထဲမှာ ရွှေရောင်ဗူးလေး ကိုယ်စီရှိကြပါတယ်... ဒါပေမယ့် အထဲမှာ ဘာမှမရှိဘူးဆိုပြီး အထင်နဲ့ ဒေါသ၊ သောက တွေ ပွားနေတတ်ကြတယ်... မိမိတို့ရဲ့ မိဘ၊ မိသားစု၊ ချစ်ရသူ၊ သားသမီး၊ သူငယ်ချင်းတွေက ပေးထားတဲ့ မမြင်ရတဲ့ တန်ဖိုးကြီး စိတ်ကူး လက်ဆောင်လေးတွေကိုတော့ တန်ဖိုးထားဖို့ မေ့လျော့နေတတ် ကြပါတယ်...

        ဒီလို ရွှေရောင်ဗူးလေးထဲက ဗလာ လက်ဆောင်လေးဟာ ကိုင်တွယ်လို့ရတဲ့ ဥစ္စာပစ္စည်းတွေထက် ပိုတန်ဖိုးရှိတယ်ဆိုတာ သိနားလည်ရင်း ဘဝမှာ စိတ်ပျက်အားငယ်စရာတွေ ရှိလာချိန်တိုင်း ရွှေရောင်ဗူးလေးထဲက စိတ်ကူးအနမ်းလေးတွေကို ထုတ်ယူလို့ အင်အားအဖြစ် အသုံးချကာ ရှင်သန်နေထိုင်သွားကြပါစို့လားဗျာ...

Dr ကျော်စွာသက် (22.12.15)

မိန်းကလေးများ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ သိထားသင့်သော အရာများ




လက်ရှိ ဖြစ်နေ၊ ကြားနေရတဲ့ သတင်းတွေအရ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းလေးတွေ ဖြစ်တဲ့အတွက် မိန်းကလေးများအတွက် အထူးရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းပါရစေ...

--------------

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်(သို့) ၁ထပ်ခြား နှိပ်ထားလိုက်ပါ... မကြာခဏ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး.... ဒါမှမဟုတ် အနီးစပ်ဆုံးအထပ်မှာ ဆင်းလိုက်ပါ... နောက်မှ ဓါတ်လှေကားကို ပြန်ခေါ်ပြီး မိမိသွားလိုရာ အထပ်ကို တက်ပါ...

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ကြိုးစားလာခဲ့မယ်ဆိုရင်...

မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငရုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

ကားထဲကို မဝင်ခင် ကားနံပါတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ ကြားအောင် ပြောပါ...

တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော်ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်...

၄။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင်ကွင်း သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်လိုအရာကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းရော တစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဉ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်...

၆။ ။ အနီးကပ် ရန်ပြုသူနဲ့ တွေ့တဲ့အခါ...

မိန်းကလေးတွေ အလွယ်တကူ အသုံးပြုနိုင်တဲ့ ငရုတ်သီး Spray ဗူးလိုမျိုးအရာ ဆောင်ထားခြင်းဟာလည်း မိမိကိုယ်ကို ခုခံရာမှာ အသုံးဝင်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်...
မိမိကိုယ်ကို ခုခံနိုင်ဖို့ အနီးကပ်လာတဲ့ သူကို တိုက်ခိုက်နည်းတွေထဲမှာ ရန်ပြုသူရဲ့ မျက်လုံးကို လက်ချောင်းနဲ့ ထိုးတာမျိုး၊ ပေါင်ကြားကို ဒူးနဲ့ တိုက်လိုက်တာမျိုး ပုံစံနဲ့ ပြန်လည်တိုက်ခိုက်ပါ... တိုက်ခိုက်ရေးကျွမ်းကျင်သူများရဲ့ အဆိုအရ ဘယ်လောက် သန်မာတဲ့သူဖြစ်ပါစေ... ဒီလိုနေရာတွေက အားနည်းတဲ့ နေရာတွေဖြစ်တဲ့အတွက် မိန်းကလေးတွေအနေနဲ့ မိမိကိုယ်ကို ခုခံရာမှာ အသုံးဝင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်...

-------------===-------------

ကျွန်တော်ရေးတဲ့စာတစ်စောင်ကြောင့် လူ တစ်ဦးတစ်ယောက်ပဲ အကျိုးရှိရင်တောင် ကျေနပ်မိမှာပါ...

လေးစားစွာဖြင့်
Dr ကျော်စွာသက် (21.4.13) (Edited on 16.12.15)

Saturday, April 20, 2013

ဆေးလောက သံသရာ


ကျွန်တော် နားကိုက်နေလို့ပါဆရာ...

2000 B.C. - ရော့ .. ဟောဒီ သဘာဝ ဆေးမြစ်ကို စားလိုက်...

1000 A.D. - ဆေးမြစ်စားနေလို့ အကျိုးမရှိဘူး.. ဂါထာနဲ့ မန်းမှဖြစ်မယ်..ဟောဒီ ဂါထာကို ရွတ်...

1850 A.D. - ဂါထာမန်းလို့ ရောဂါမပျောက်ဘူး.. ဟောဒီ ဆေးရည်ကိုသောက်

1940 A.D. - ဆေးရည်ဆိုတာ ခါးတယ်.. အဝင်ဆိုးတယ်.. ဟောဒီမှာ ဆေးလုံး.. အသာမျိုချရုံပဲ...

1985 A.D. - ရိုးရိုးဆေးလုံးဆိုတာ သိပ်အကျိုးမရှိဘူး.. ရော့.. စနစ်တကျ စမ်းသပ်ဖော်စပ်ထားတဲ့ ပဋိဇီဝဆေး(Antibiotics) ကိုသောက်...

2000 A.D. - ပဋိဇီဝဆေး(Antibiotics)ဆိုတာ ဓါတုဗေဒပစ္စည်းတွေ .. မကောင်းဘူး.. ရော့ သဘာဝအရဖြစ်ထွန်းတဲ့ ဟောဒီ ဆေးမြစ်ကိုစား...


သုံးချိုးတစ်ချိုးခန့် ကုန်လွန်ခြင်း


တွေ့ဆုံကြုံရ လူ့ဘဝမှာ
အချစ်၊အမုန်း တူယှဉ်ထုံး၍
ခက်ခဲကျော်ဖြတ် ယခုထက်တိုင်
မယိုင်မနဲ့ ငါရပ်တည်ခဲ့.....

...လောဘ၊ ဒေါသ မောဟမကုန်
ဘဝလူ့ဘုံ ဒုက္ခစုံဝယ်
ကျင်လည်ဖြတ်သန်း ငါ့သက်တမ်းမှာ
တစ်-သုံးချိုးခန့် တိုင်ခဲ့ပြီတည်း...


(၂၈.၇.၂၀၁၁)

သေတော့မယ်...

ဒေါက်တာ ရွှေယုန် (ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး) ဟာ သူကုသနေတဲ့ လူနာတစ်ဦးရဲ့ ဆေးစစ်ချက်တွေကို ကြည့်ပြီးနောက် အခုလိုပြောတယ်..

"ခင်ဗျားရဲ့ ဆေးစစ်ချက်တွေ အရ အလွန်ဝမ်းနည်းစရာ ကောင်းတဲ့သတင်းကို ကျွန်တော် ပြောရလိမ့်မယ်..."

"ဘယ်လောက်များ ဆိုးဝါးတဲ့ သတင်းမျိုးပါလိမ့် ဆရာရယ်?"

"အင်း.. ခင်ဗျားဟာ မကြာခင်မှာ သေရတော့မယ်.. ခင်ဗျားအတွက် အချိန်သိပ်မကျန်တော့ဘူး..."

"ဗျာ!!!.... အင်းလေ.. ဖြစ်လာမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ... လက်ကျန် အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင် နေသွားရတော့မှာပေါ့ ဆရာရယ်.. ကျွန်တော့အတွက် နေရမယ့် အချိန် ဘယ်လောက် ကျန်သေးလဲ ဆရာ? "

ဒေါက်တာ ရွှေယုန် ခဏစဉ်းစားတယ်.. အဲဒီနောက် လက်က နာရီကိုကြည့်တယ်.. တခါ ပြန်စဉ်းစားပြန်တယ်.. အဲဒီနောက် ပြောတယ်...

"ခင်ဗျားအတွက် အသက်ရှင်ဖို့ လက်ကျန်အချိန်က 'တစ်ဆယ်'...."

"..'တစ်ဆယ်'? .. ဘယ်လို တစ်ဆယ်လဲဆရာ.. ဆယ်နှစ်လား.? ဆယ်လလား? ဆယ်ပတ်လား? !!!"

"ကိုး..........
 ရှစ်..........!!"       :D  :D  :D


on 13.1.12 (6:00pm)

စိတ္တဇ


ငါ့ကိုယ်ငါ မသိလို့ "ငါဟာ ဘာလဲ?" လို့
ငါ့ဘာသာငါ သေချာစဉ်းစားကြည့်တော့
ငါဟာ ငါမဟုတ်မှန်းသိလာတယ်...

ငါဟာငါ မဟုတ်တဲ့ သဘောတရားကို
ငါမဟုတ်တဲ့ သူ့ကို ပြောပြတော့
သူဟာသူမဟုတ်မှန်း နားမလည်ခဲ့ဘူး...

အဲ.. သူဟာသူမဟုတ်မှန်း
သူနားလည်သွားတဲ့ အချိန်ကျတော့
ငါဟာ ငါပြန်ဖြစ်သွားပြီ...


(on 28.9.06 - 1:30 am.. တရေးနိုး စိတ်ရူးပေါက်ချိန်... :P )

သြော်... လက်စသတ်တော့ ဒီလိုကိုး

        ဖိုးရွှေယုန်တို့ ဇနီးမောင်နှံ နှစ်ယောက်သား ကလေးမီးဖွားဖို့အတွက် ဆေးရုံကို ရောက်လာကြတယ်.. မိန်းမဖြစ်သူ မွေးခန်းမဝင်မီမှာ ဒေါက်တာဖိုးခွားက အခုလို လာရှင်းပြတယ်..
"ကျွန်တော် ဘယ်နိုင်ငံမှာမှ မပေါ်သေးတဲ့ အဆင့်မြင့် စက်ပစ္စည်းတစ်ခုကို တီထွင်ထားတယ်.. အဲဒီစက်ကို အသုံးပြုပြီး မိခင်ဖြစ်တဲ့သူ ကလေးမီးဖွားစဉ်မှာ ခံစားရတဲ့ နာကျင်မှုကို ရာခိုင်နှုန်းအလိုက် ကလေးရဲ့ ဖခင်ဆီကို လိုချင်သလို ပြောင်းရွှေ့ပေးနိုင်တယ်.. ခင်ဗျားတို့ ဒီစက်ကို စမ်းသပ်အသုံးပြုချင်ပါသလား??."
ဒီသတင်းကို ကြားတဲ့အခါမှာ ဖိုးရွှေယုန်ရော သူ့ဇနီးရော နှစ်ယောက်စလုံးက ဒီစက်ကို စမ်းသပ် အသုံးပြုဖို့ စိတ်အားထက်သန်စွာနဲ့ သဘောတူကြတယ်...

        ဒီလိုနဲ့ မွေးခန်းထဲကို စဝင်ကြတယ်.. ဒေါက်တာ ဖိုးခွားက
"ကျွန်တော် အခု စစချင်း နာကျင်မှုရဲ့ ၁၀% လောက်ကို အဖေဆီကိုစလွှဲမယ်.. ဘာလို့လဲဆိုတော့ ဒီ ၁၀% လောက်မျှသော နာကျင်မှုလေးကတောင် ခင်ဗျားတသက်မှာ ခံစားခဲ့ဖူးတဲ့ နာကျင်မှုတွေထက် သာလိမ့်မယ်ဗျ!!"

        ၁၀% လွှဲလိုက်တယ်.. ခဏကြာသွားတယ်.. ဖိုးရွှေယုန် ဘာမှထူးထူးထွေထွေ မခံစားရဘူး.. "ဒီလောက်တော့ အပျော့ပေါ့ ဆရာခွားရယ်.." ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ဒေါက်တာ ဖိုးခွားကို နောက်ထပ် ရာခိုင်နှုန်းတချို့ ထပ်လွှဲဖို့ ပြောတယ်..
        ၂၀% အထိ တင်လိုက်တယ်.. ဒါလည်း ဖိုးရွှေယုန်တို့က မဖြုံပြန်ဘူး... ဒေါက်တာဖိုးခွား မယုံနိုင်ဘူး.. ဒါနဲ့ ဖိုးရွှေယုန်ကို သွေးပေါင်ချိန်တိုင်းတယ်.. သွေးခုန်နှုန်း၊ နှလုံးခုန်သံ စတာတွေ စစ်ဆေးတယ်... ဒေါက်တာ ဖိုးခွားရော ဖိုးရွှေယုန်ပါ အံ့အားသင့်ရတာက အခြေအနေ အားလုံး ပုံမှန်ပဲ.. ဒါနဲ့ ၂ ယောက်သား တိုင်ပင်ပြီး ၅၀% အထိ လွှဲပြောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်...

        ၅၀% အထိ လွှဲလိုက်တယ်... ဒါတောင် ဖိုးရွှေယုန်တို့ အိန္ဒြေမပျက် အေးဆေးပဲ ဖြစ်နေပြန်တယ်... ဖိုးရွှေယုန် ဘာမှမဖြစ်သလို သူ့ဇနီးမှာလည်း တဖြည်းဖြည်းရာခိုင်နှုန်းတွေ လွှဲပြောင်းတာများလာတာနဲ့ အမျှ ဝေဒနာ ခံစားရမှုက သိသိသာသာသက်သာလာခဲ့တယ်..
        ဒါနဲ့ နောက်ဆုံး မထူးဘူးဆိုပြီး ရှိသမျှ ၁၀၀% လုံးကို အကုန်လွှဲပြောင်းပေးလိုက်တယ်... ဒီလိုနဲ့ပဲ ဇနီးသည်ရော ဖိုးရွှေယုန်ပါ ဘာနာကျင်မှုမှ မခံစားရတော့ဘဲ ကလေးကို အောင်အောင်မြင်မြင် မွေးထုတ်နိုင်ခဲ့တယ်... လင်မယား နှစ်ယောက်လုံး စက်တီထွင်တဲ့ ဒေါက်တာ ဖိုးခွားကို ကျေးဇူးတွေ အခါခါတင်ပြီး နှစ်ဦးသား ပြုံးပျော်ကြလို့ပေါ့...

        အဲ.. နောက်တစ်နေ့ ဆေးရုံကအဆင်းမှာတော့ ဖိုးရွှေယုန်တစ်ယောက် ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပါတော့တယ်.. အဲဒါကတော့ သူတို့ဆီ နွားနို့လာပို့နေကျ ကုလားကြီးကို သူတို့ရဲ့ အိမ်ရှေ့မှာ နွားနို့လာပို့ရင်း ပြင်းပြင်းထန်ထန် နာကျင်တဲ့ ဝေဒနာတခုခုကို ခံစားထားရပုံမျိုးနဲ့ လဲကျသေဆုံးနေတာကို တွေ့လိုက်ရတော့တာပါပဲ...

:D :D :D                                                                                                                                    

on 15.1.12 (1:30 am)