ဗျိုင်းအုပ်တွေ အိပ်တန်းပြန်
ကောင်းကင်မှာအလင်းတွေ ဖျော့သွား
ညဉ့်ငှက်တွေ ညည်းသံတစ်ဝက်တစ်ပျက်
အခန်းကျဉ်းတစ်ခုမှာ ရောက်နေတဲ့ငါ။
အသပြာလား စေတနာလား
အဝိဇ္ဇာ အဘိညာဉ်ပိတ်ဆို့
မေတ္တာသုတ်လည်း အခါခါရွတ်ခဲ့
အိပ်ကပ်ကိုလည်း အခါခါစမ်းရဲ့။
ဝေဒနာဒဏ်ရာ အဖန်တရာစကား
အပြုံးတွေကများ နှစ်သိမ့်နိုင်မလား
နှုတ်လိုက်တဲ့ ဆေးထိုးအပ်ထိပ်ဖျား
ငါ့ကိုခုန်အုပ်လိုက်တဲ့ ခြင်္သေ့တစ်ကောင်။
တွန့်ကြေနွမ်းဖျော့ တစ်ပတ်စာဟင်းဖိုး
ဆရာ ကောင်းအောင်သာကုပေးပါ။
အမေအို ရဲ့ ယုံကြည်မှုတွေကြား
ငါရှက်ရွံ့နေမိသလား။
ရာသီခွင်စက်ဝိုင်း "သမီးကို ကယ်ပါဆရာ"
သူမခြုံထားတဲ့ သိက္ခာပဝါပါးအောက်က မှားယွင်းမှုတွေ
မဖြစ်သေးတဲ့ ဘဝတစ်ခုကို
ဖျက်ဆီးပစ်ဖို့ရာ တန်မလား။
ကဲ... ဒီလိုနဲ့ ....
သက်ပြင်းရှည်တွေကြား လုံးပါးပါးသွားရင်း
ဒီနေ့တွေကို သော့ခတ်သိမ်းလို့
အိပ်တန်းတက် ဘတ်စ်တစ်စင်း သယ်ဆောင်ရာလိုက်ပါရင်း
လဲလျောင်းအိပ်စက်ဖို့ အိမ်ပြန်ရဦးမယ်။
By Ziwakka (Edited only a little by Kyaw Swar)