Showing posts with label နှလုံးသား အာဟာရ. Show all posts
Showing posts with label နှလုံးသား အာဟာရ. Show all posts

Thursday, December 24, 2015

သမီးလေးပေးတဲ့ လက်ဆောင်




        တစ်ခုသော Christmas ကာလတစ်ခုမှာ ဖခင်တစ်ဦးဟာ ၃ နှစ်အရွယ် သူ့သမီးငယ်လေးကို packing ထုတ်တဲ့ ရွှေရောင် စက္ကူစလေး စုတ်ပြဲနေအောင် ဆော့ကစားလို့ ရိုက်နှက် အပြစ်ပေးပါသတဲ့... အဆိုပါ စက္ကူစနဲ့ ထုတ်ထားတဲ့ ဗူးလေးကို သူတို့အိမ်ထဲက Christmas သစ်ပင်အောက်မှာ ချထားတာကို သူသတိထားမိခဲ့ပါတယ်... နောက်နေ့ မနက်မှာတော့ သူ့သမီးလေးရဲ့ အပြုအမူကြောင့် သူအံ့သြရပါတယ်... ညက ချထားတဲ့ ဗူးလေးကို လက်ထဲမှာ ကိုင်ပြီး သူ့အနားကိုလာကာ

"ဒါ... ဖေကြီးအတွက် လက်ဆောင်..." တဲ့လေ...

ဒါပေမယ့် ခနကြာတော့ သူစိတ်တိုရပြန်ပါရော... ဘာကြောင့်လဲ ဆိုတော့ သူ့ကိုပေးတဲ့ ဗူးလေးကို ဖွင့်ကြည့်တဲ့အခါ အထဲမှာ ဘာပစ္စည်းမှ မပါလို့ပါ...

"သူများကို လက်ဆောင်ပေးရင် ဗူးထဲကို ပစ္စည်းတစ်ခုခု ထည့်ပေးရတယ်ဆိုတာ ညည်းမသိဘူးလား!!" 

လို့ ဒေါသတကြီး အော်ဟစ်မိတဲ့ အထိပါပဲ... သမီးငယ်ဟာ မျက်ရည်စက်လက်နဲ့ သူ့မျက်နှာကို မဝံ့မရဲကြည့်ရင်း

"သမီး ထည့်ထားပါတယ်... ဖေကြီးအတွက် အနမ်းတွေ အများကြီး ဗူးထဲကို ထည့်ပေးထားတယ်လေ..." တဲ့...

        ဒီအခါမှာတော့ ဖခင်ဖြစ်သူဟာ အလွန် စိတ်မကောင်း ဖြစ်ရပါတော့တယ်... သမီးငယ်ကို ပွေ့ဖက်ရင်း သူ့အပြုအမူအတွက် တောင်းပန်စကားအခါခါ ပြောမိတော့တာပေါ့... များမကြာမီ ကာလမှာပဲ သမီးလေးဟာ မတော်တဆမှု တစ်ခုကြောင့် သေဆုံးသွားပါသတဲ့... ကျန်ရစ်ခဲ့တဲ့ ဖခင်ကြီးဟာ သမီးလေးပေးခဲ့တဲ့ ရွှေရောင်ဗူးလေးကို သူ့ကုတင်ဘေးမှာ အမြဲတမ်း သိမ်းထားပါတယ်... သူစိတ်အားငယ်တဲ့အခါတိုင်း ရွှေရောင်ဗူးလေးကို ထုတ်ယူပြီး သမီးလေးပေးခဲ့တဲ့ လေထဲက စိတ်ကူး အနမ်းလေးတွေကို ခံယူရင်း သမီးလေးရဲ့ ချစ်ခြင်း မေတ္တာ တရားတွေကို ခံစားကာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင် သွားခဲ့ပါတယ်...

-----------------------------------------------------

        ဒီပုံပြင်လေးလိုပါပဲ... ကျွန်တော်တို့ ဘဝထဲမှာ ရွှေရောင်ဗူးလေး ကိုယ်စီရှိကြပါတယ်... ဒါပေမယ့် အထဲမှာ ဘာမှမရှိဘူးဆိုပြီး အထင်နဲ့ ဒေါသ၊ သောက တွေ ပွားနေတတ်ကြတယ်... မိမိတို့ရဲ့ မိဘ၊ မိသားစု၊ ချစ်ရသူ၊ သားသမီး၊ သူငယ်ချင်းတွေက ပေးထားတဲ့ မမြင်ရတဲ့ တန်ဖိုးကြီး စိတ်ကူး လက်ဆောင်လေးတွေကိုတော့ တန်ဖိုးထားဖို့ မေ့လျော့နေတတ် ကြပါတယ်...

        ဒီလို ရွှေရောင်ဗူးလေးထဲက ဗလာ လက်ဆောင်လေးဟာ ကိုင်တွယ်လို့ရတဲ့ ဥစ္စာပစ္စည်းတွေထက် ပိုတန်ဖိုးရှိတယ်ဆိုတာ သိနားလည်ရင်း ဘဝမှာ စိတ်ပျက်အားငယ်စရာတွေ ရှိလာချိန်တိုင်း ရွှေရောင်ဗူးလေးထဲက စိတ်ကူးအနမ်းလေးတွေကို ထုတ်ယူလို့ အင်အားအဖြစ် အသုံးချကာ ရှင်သန်နေထိုင်သွားကြပါစို့လားဗျာ...

Dr ကျော်စွာသက် (22.12.15)

Saturday, April 20, 2013

The Laundry..

        လင်မယား နှစ်ယောက် နေအိမ်အသစ်ကို ပြောင်းရွှေ့လာကြတယ်... နောက်တစ်နေ့ မနက်ခင်း သူတို့ လင်မယား မနက်စာစားနေတုန်းမှာ သူတို့ရဲ့ အိမ်နီးနားချင်း အမျိုးသမီးဟာ လျှော်ပြီးသားအဝတ်တွေကို လှန်းနေတာကို မြင်တွေ့လိုက်ကြရတယ်... ဒီအခါမှာ မိန်းမဖြစ်သူက အခုလိုပြောတယ်...
“အိုး.. သူအဝတ်လျှော်တာ တော်တော်ကို မပြောင်တာဘဲ... ကြည့်ရတာ အဝတ်ဘယ်လိုလျှော်ရတယ်ဆိုတာတောင် သိပုံမရဘူး... အဝတ်လျှော်ရင် ဆပ်ပြာကောင်းကောင်း သုံးရတယ်ဆိုတာ အဲဒီ အမျိုးသမီး နားမလည်ဘူးနဲ့ တူတယ်... အဝတ်တောင် ကောင်းကောင်း မလျှော်တတ်မှတော့ အိမ်ထောင်မှုလည်း နိုင်နင်းမှာ မဟုတ်ဘူး... သူ့အိမ်ဆိုရင်လည်း ညစ်ပတ်ပြီး ရှုပ်ပွနေမှာ မြင်ယောင်မိပါသေးတယ်...”
ယောကျာ်းဖြစ်သူဟာ မနက်စာစားနေရာကနေ တချက်လှမ်းကြည့်ပြီး ဘာမှမပြောဘဲ၊ တုံဏိဘာဝေ ဆိတ်ဆိတ်သာနေပါတယ်...

        နောက်ရက်တွေမှာလည်း ထိုအိမ်နီးချင်း အမျိုးသမီး အဝတ်လှန်းတိုင်း မိန်းမဖြစ်သူဟာ အထက်ပါအတိုင်း အမြဲလိုလို ဝေဖန်လေ့ရှိတယ်... တစ်လလောက်ကြာတဲ့ အချိန် မနက်ခင်းတစ်ခုမှာတော့ သူမဟာ အိမ်နီးချင်းအမျိုးသမီးရဲ့ အဝတ်တွေ ဖြူဖွေးသန့်စင်နေတာကို အံ့သြဖွယ် တွေ့ရှိလိုက်ရပါတယ်... သူမက ခင်ပွန်းဖြစ်သူကို ခုလိုလှမ်းပြောလိုက်တယ်...
“ကြည့်ပါဦး မောင်ရယ်... နောက်ဆုံးမှာတော့ အဝတ်ဘယ်လိုလျှော်ရတယ်ဆိုတာ သူကောင်းကောင်းကြီး သိသွားပြီ... သူ့ကို ဘယ်သူကများ သေချာ သင်ပေးလိုက်သလဲ မသိဘူးနော်...”
ခင်ပွန်းဖြစ်သူက “ဒီနေ့မနက် မောင်အစောကြီးထတယ်... နောက်ပြီး မောင်တို့ထမင်းစားခန်းက ပြတင်းပေါက်မှန်တွေကို သေချာပြောင်နေအောင် သုတ်ထားလိုက်တာလေ...” လို့သာ ပြောလိုက်ပါတော့တယ်...

--------------------------------=====--------------------------------

        ကျွန်တော်တို့ဟာ များသောအားဖြင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ မေ့လျော့ပြီး သူတပါးရဲ့ အပြစ်ကိုသာ မြင်ကြ၊ ဝေဖန်ကြ၊ ကဲ့ရဲ့ကြ ပြုလုပ်တတ်ပါတယ်... တခါတလေမှာ သူတစ်ပါးအမှားလို့ ထင်ရတဲ့ အရာတွေဟာ သေချာပြန်ဆန်းစစ်ရင် မိမိတို့အမှားဖြစ်နေတာကို ဝမ်းနည်းဖွယ် တွေ့ရှိရတတ်ပါတယ်...
        ကျွန်တော်ငယ်စဉ်က ဆရာမတစ်ယောက် ဆုံးမဖူးတဲ့ စကားလေးလို “မျက်မှန်စိမ်းကြီးတတ်ပြီးတော့ တလောကလုံး စိမ်းနေတာပဲ” ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတတ်ပါတယ်...ဒါကြောင့် ကြည်လင်တဲ့ စိတ်ကလေးနဲ့ သူတပါးကို ပြစ်တင်ဝေဖန်မယ် စဉ်းစားကြံရွယ်တိုင်း မိမိသာ သူ့နေရာမှာဆိုရင်ကော ဆိုတဲ့ စိတ်ကလေးနဲ့ ကိုယ်ချင်းစာကြည့်၊ မိမိကိုယ်တိုင်က အမြင်မှားနေသလားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်.. ပြီးမှသာ ဝေဖန်ပြစ်တင်မှု ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း....

Dr. ကျော်စွာသက် (3.4.13)

Source: : unknown.. (facebook မှာဖတ်မိတဲ့ article လေးကို သင့်တော်အောင်ဘာသာပြန်ပြီး အနည်းငယ်ပြုပြင် ရေးသားထားပါတယ်..)



သဘာဝတရားကပေးအပ်တဲ့ လက်ဆောင်

ဘဝဆိုတာ သဘာဝတရားကပေးအပ်တဲ့ လက်ဆောင်တစ်ခုပါ... 

- စာနာမှုမရှိ ကြမ်းတမ်းတဲ့ စကားတစ်ခွန်း ပြောမယ်လို့ ကြံစည်တိုင်း စကားလုံးဝမပြောနိုင်တဲ့ သူတွေရဲ့ ဘဝကို ကိုယ်ချင်းစာကြည့်ပါ... 

- အစားအစာတစ်ခုကို ဟိုလိုမကြိုက်ဘူး ဒီလိုမကြိုက်ဘူးလို့ ချေးများမယ်လို့ ကြံတိုင်း စားစရာမရှိလို့ ငတ်မွတ်နေရတဲ့ သူတွေရဲ့ ဘဝကို တွေးမြင်ကြည့်ပါ... 

- သင့်ရဲ့ ဇနီး၊ ခင်ပွန်းရဲ့ မကောင်းကြောင်းတွေကို Complain တက်မယ်လို့ ကြံတိုင်း ဘဝအဖော်မရှိ အထီးကျန်နေရသူတွေရဲ့ ဘဝကို မြင်ယောင်ကြည့်ပါ... 

- သင့်ရဲ့ ဘဝကို ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ညည်းတွားမယ်ကြံတိုင်း စောစီးစွာ ကြွေလွင့်ခဲ့ရတဲ့ ဘဝတွေကို စဉ်းစားကြည့်ပါ... 

- သင့် သားသမီးတွေအကြောင်း ညည်းတွားမယ်ကြံတိုင်း၊ သားသမီး မရနိုင်ရှာတဲ့ သူတွေရဲ့ ဘဝကို တွေးကြည့်ပါ... 

- အလုပ်မှာ ပင်ပန်းလိုက်တာ.. အလုပ်လုပ်ရတာ ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ညည်းတွားမယ်ကြံတိုင်း အလုပ်လုပ်စရာမရှိတဲ့သူတွေ၊ အလုပ်မလုပ်နိုင်ရှာတဲ့ ဒုက္ခိတတွေ၊ သင့်လို အလုပ်ကို အလွန်လုပ်ချင်နေကြတဲ့ သူတွေနေရာမှာ ဝင်ခံစားကြည့်ပါ... 

- တစုံတခုကြောင့် သင်စိတ်ဓါတ်ကျ အားငယ်နေတိုင်း သင့်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ဆင်မြန်းရင်း၊ သင့်ကို ရှင်သန်ခွင့် ပေးတဲ့ လောကကြီးနဲ့ ဆက်လက်အသက်ရှင်နေခွင့်ရနေသေးတာကို တွေးပြီး မိမိကိုယ်ကို ဖြေသိမ့်ပါ... 

ဘဝဆိုတာ သဘာဝတရားက ပေးအပ်တဲ့ လက်ဆောင်တစ်ခုပါ... ဒါကြောင့် အဲဒီဘဝမှာ အောင်မြင်စွာ၊ ပျော်ရွှင်စွာ၊ ကျေနပ်စွာ ရှင်သန်နေလိုက်ပါ....

The Story Of A Blind Girl!!

တခါက မျက်စိအလင်းကွယ်နေရှာတဲ့ မိန်းကလေးတစ်ဦးရှိတယ်... သူမဟာ မျက်စိမမြင်တဲ့ သူမရဲ့ဘဝကြောင့် ဘယ်သူ့ကိုမှ အကောင်းမမြင်ဘဲ လူတိုင်းကို မုန်းတီးလို့နေပါတယ်... အရာရာသူမကိုအလိုလိုက်တဲ့ သူမအတွက် အမြဲရှိတဲ့ သူမရဲ့ ချစ်သူကောင်လေးကလွဲလို့ပေါ့... သူမက အကယ်၍သူမသာ ကမ္ဘာကြီးကို မြင်တွေ့ခွင့်ရခဲ့ရင် သူမရဲ့ ကောင်လေးကို လက်ထပ်မယ်လို့ အမြဲပြောလေ့ရှိပါတယ်...

ဒီလိုနဲ့ တစ်နေ့မှာတော့ မျက်စိအလှူရှင်ရှိတာကြောင့် သူမရဲ့ မျက်လုံးတွေအလင်းပြန်ရခဲ့ပါတယ်... သူမမျက်စိပြန်မြင်ပြီးနောက် သူမရဲ့ ချစ်သူကောင်လေးရောက်ရှိလာပြီးတော့

“ချစ်.. အခုမျက်စိ ပြန်မြင်ပြီဆိုတော့ ချစ်ပြောခဲ့သလို ကိုယ့်ကိုလက်ထပ်နိုင်ပြီလားဟင် ?” လို့မေးခွန်းထုတ်လိုက်ပါတယ်... ဒါပေမယ့် ကောင်မလေးအံ့အားသင့်ရတာကတော့ သူ့ချစ်သူကောင်လေးဟာ မျက်မမြင်ဖြစ်နေတာကို တွေ့လိုက်ရတာပါပဲ...

ကောင်မလေးဟာ ကောင်လေးဟာ မျက်မမြင်ဖြစ်နေတဲ့အတွက် မျက်စိအလင်းပြန်ရလာပြီဖြစ်တဲ့ သူမက ကောင်လေးကို လက်မထပ်နိုင်ကြောင်း ငြင်းပယ်ခဲ့ပါတယ်... ကောင်လေးဟာ ဝမ်းနည်းစွာနဲ့ မျက်ရည်တွေကို အဖော်ပြုရင်း ကောင်မလေးကို ကျောခိုင်းထွက်ခွာ သွားခဲ့ပါတယ်...

တစ်နေ့မှာတော့ ကောင်လေးဆီကနေ ကောင်မလေးဆီကို စာတစ်စောင်ရောက်ရှိလာပါတယ်... စာထဲမှာရေးထားတာကတော့ “ကိုယ့်ရဲ့ မျက်လုံးတွေကို ဂရုစိုက်ပေးပါ ချစ်သူ...” တဲ့.....

---------------------===---------------------

ဒီပုံပြင်လေးက လူတွေရဲ့ ပတ်ဝန်းကျင်အခြေအနေကို လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘာဝကိုထင်ဟပ်စေပါတယ်... ဘဝရဲ့အမြင့်မားဆုံး အခြေအနေရောက်တာတောင် ကိုယ့်ရဲ့ ဘဝကို မမေ့၊ အောက်ခြေမလွတ်ဘဲ ဘဝအကြောင်းကို နားလည်တဲ့သူဟာ အနည်းငယ်မျှသာရှိပါတယ်...

ဒါကြောင့် တခါတရံမှာ မိမိအနစ်နာခံ စတေးလိုက်ရတဲ့ တန်ဖိုးတစ်ခုဟာ လက်ခံသူနဲ့ ထိုက်တန်လား မထိုက်တန်လားဆိုတာကို မိမိကိုယ်တိုင် ဆင်ခြင်ချင့်ချိန်ကြဖို့ လိုအပ်လှပါတယ်... လက်ခံသူတွေဟာလည်း ကိုယ်ရလိုက်တဲ့ ကူညီမှု၊ စာနာမှု၊ နားလည်မှု၊ ပေးဆပ်မှုတွေကို တန်ဖိုးထားတတ်ကြပါစေလို့ ဆုတောင်းရင်း.....


Dr. ကျော်စွာသက် (27.3.13)
Source : : the story of a blind girl (by anonymous)



လွှတ်ချခဲ့လိုက်ပါ...

        ဘုန်းကြီးနှစ်ပါးခရီးသွားရင်း မြစ်တစ်စင်းအနားကနေ ဖြတ်သွားနေတုန်းမှာ ကောင်းမွန်သားနားစွာ ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက် မြစ်ကို ဖြတ်ကူးဖို့ ကြံရာမရဖြစ်နေတာကို တွေ့လိုက်ရတယ်... မိန်းမငယ်ဟာ သူမရဲ့ အဖိုးတန် အဝတ်အစားတွေကို စိုစွတ်ပျက်ဆီးကုန်မှာ စိုးတဲ့အတွက် ရေအနည်းငယ်နက်တဲ့ မြစ်ကိုဖြတ်ကူးဖို့ အခက်အခဲတွေ့နေတာ ဖြစ်ပါတယ်...

        ခရီးသွားဘုန်းကြီး နှစ်ပါးထဲက တစ်ပါးဟာ မိန်းကလေးကို ကူညီတဲ့ အနေနဲ့ မိန်းကလေးကို ကျောပိုးပြီး မြစ်ကို ဖြတ်ကူးကာ မြစ်တဖက်ကမ်း ခြောက်သွေ့တဲ့ မြေပြင်ပေါ်အထိ လိုက်လံပို့ဆောင် ကူညီပေးလိုက်ပါတယ်... အဲဒီနောက် ဘုန်းကြီးနှစ်ပါးဟာ ခရီးဆက်ထွက်လာခဲ့ကြတယ်...

        ခရီးဆက်ထွက်လာကြရင်း ၁ နာရီမျှကြာတဲ့ အခါမှာတော့ ခရီးသွားဖော် ဘုန်းကြီးက ယခုလို စတင်စကားဆိုပါတယ်...
“ကိုယ်တော်... တပည့်တော်တို့ရဲ့ ဝိနည်းကျင့်ဝတ်တွေထဲမှာ မိန်းမများနဲ့ ကင်းရှင်းစွာ နေဖို့၊ နီးနီးကပ်ကပ် ထိတွေ့မဆက်ဆံရဘူးလို့ ပါရှိပါတယ်... ကိုယ်တော်ဟာ ဘာဖြစ်လို့ ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး မိန်းကလေးကို ကျောပိုး ကူညီရတာလဲ ??”
မိန်းကလေးကို ကူညီခဲ့တဲ့ ကိုယ်တော်ဟာ ဘာမှ ပြန်မပြောဘဲ ခရီးကိုသာ ဆက်ပါတယ်... ဘေးက ကိုယ်တော်ကလည်း ဒီမေးခွန်းကိုသာ ထပ်တလဲလဲ မေးလို့နေပါတယ်...

        ဒါကြောင့် နောက်ဆုံးမှာတော့ ကူညီမှုကို ပြုခဲ့တဲ့ ဘုန်းကြီးက ယခုလို မှတ်ချက်ပြု ပြောပါတယ်...
“တပည့်တော် အဲဒီ ဒကာမကို ကျောကုန်းပေါ်ကနေ ချခဲ့တာ လွန်ခဲ့တဲ့ တစ်နာရီ ကျော်ကတည်းက ဖြစ်ပါတယ်... ကိုယ်တော်ဟာ ဘာကြောင့် ခုထက်ထိ စိတ်ထဲမှာ ထမ်းပိုးထားနေသေးတာလဲ ??”

---------------------------------===-------------------------------

        တချို့တချို့သော အရာတွေဟာ သူများရဲ့ ကိစ္စပင်ဖြစ်နေလင့်ကစား မိမိကထမ်းပိုးမိရင် မိမိရဲ့ ဒုက္ခအဖြစ်ရောက်ရှိ လာတတ်ပါတယ်... ကိုယ့်စိတ်ကိုဒုက္ခရောက်စေမယ့် ကိစ္စတွေကို ဘယ်တော့မှ သင်ထမ်းပိုးမထားပါနဲ့.... အဲဒီအတွက် သင့်မှာ ပင်ပန်းလေးလံနေရပါလိမ့်မယ်...
ဒါကြောင့် လွှတ်ချသင့်ရင် လွှတ်ချခဲ့လိုက်ပါ...

Dr. ကျော်စွာသက် (28.3.13)
Ref: : Two Monks



Tuesday, September 22, 2009

စာနာတတ်ကြစေဖို့

စာနာတတ်ရမယ်။ တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူနဲ့။


တခါတုန်းက....
လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့ ချက်ချင်းကြွေသွားတယ်.....
ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်...
ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်.....
သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်......
ရေကန်ဘေးက ရွှံ့တွေကြောင့် ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့
အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။
လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။
ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား ငါတို့ ကောင်းကင်ပေါ်မှာ
ပျော်မြူးကြရအောင်။
ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။
နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။
ဘဲက "နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား" လို့ တောင်းဆိုတယ်။ ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ်။
ဒါပေမယ့် အားအင်တွေ အရမ်းကုန်ခန်းတယ်။ ခဏလေးပဲ ပျံသန်းနိုင်တယ်။
မြေပြင်ကို ရောက်တော့ ဘဲကပြုံးတယ်။
ကောင်းကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို လှပတယ်။ ငန်းကို ချစ်မိတာ အရမ်းကံကောင်းတာပဲ လို့ စဉ်းစားတယ်။
အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ နေ့တိုင်းပြောတယ်။ အကြာကြီး ပျံသန်းခိုင်းတယ်။
မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။ ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။

ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့ တစ်ရက်မှာ ငန်းက အမြင့်ဆုံးကို ပျံပြီး တရှိုက်မက်မက်နဲ့ ဘဲကိုနမ်းလိုက်တက်။
ဘဲက အံ့အားသင့်နေတဲ့ အချိန်မှာပဲ ဘဲကို တဖြည်းဖြည်းလွှတ်လိုက်တော့တယ်………….

ဂုဏ်သိက္ခာအရာအားလုံးကို စွန့်လွှတ်ပြီး ဘဲကိုချစ်ခဲ့တဲ့ ၊ ကိုယ်အရမ်းသံယောဇဉ်ထားရက်နဲ့ အလိုက်မသိအခွင့်အရေးယူတဲ့
ဘဲကိုမထားချင်ပေမယ့် ရင်နာစွာထားခဲ့ရတဲ့ ငန်းကို အပြင်ပန်းက ကြည့်ရင် မစာနာတတ်သူလို့ ထင်စရာပေါ့......

အမြင့်ကိုမျှော်တိုင်း ပြုတ်ကျဖို့က ပိုလွယ်တယ် ဆိုတာမမေ့ပါနဲ့။ ဘဝမမေ့ကြပါနဲ့။
တခါတခါ ကိုယ့်အပေါ် သိပ်သံယောဇဉ် ထားတဲ့ သူကိုတွေ့စဉ်မှာ အားလုံးကို ကျေနပ်ရောင့်ရဲ တင်းတိမ်တတ်ရမယ်။
ရထားတာကို မြတ်နိုးတတ်ရမယ်။ ကိုယ့်အတွက် သူ့တန်ဖိုးတွေ သိက္ခာတွေ ဘယ်လောက်ပေးဆပ်ခဲ့ရလဲ ဆိုတာကိုတွေးပြီး စာနာတတ်ရမယ်။
တောင်းတိုင်းရတယ်ဆိုပေမယ့် အခွင့်အရေးကို ရတိုင်းမယူနဲ့......

ကျွန်တော် သတင်းတွေရေးနေတဲ့ www.mutdfan.com မှာ စာဖတ်ပရိသတ်တစ်ယောက် တင်ထားတာကို သဘောကျလို့ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်..