Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Saturday, August 21, 2010

မလိုချင်ဘဲ ကိုယ်ဝန်မရကြစေဖို့.. (သို့) လူငယ်များသိထားသင့်သော ကျန်းမာရေးအကြောင်း...


        မနက်မိုးလင်း အိပ်ယာထသည်နှင့် ထုံးစံအတိုင်း သောက်နေကျ လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ ဒါကျွန်တော့်ရဲ့ မနက်ခင်း ထုံးစံပေပဲ။ လက်ဖက်ရည်သောက်ရင်း ဂျာနယ်လေး၊ သတင်းစာလေးဖတ်ကာ ဗဟုသုတ ရှာဖွေခြင်းဖြင့် မနက်ခင်းအချိန်ကို အသုံးချနေမိသည်။ ထို့နောက် အတန်ကြာ၍ သတင်းစာချလိုက်မိမှ ဘေးဘက်ဝိုင်းတွင် တီးတိုးတီးတိုး သဖန်းပိုးလုပ်နေသည့် ရပ်ကွက်ထဲမှ အောင်ဇော်နှင့် မောင်ကျော် အတွဲကိုတွေ့မိသည်။ သင်းတို့ ၂ ယောက် ပြောဆိုနေပုံက တစ်ခုခုကို မဟုတ်တာ လုပ်ထားသည့် ပုံစံမျိုး။ အောင်ဇော်ကား ရုပ်ရည်လေးမဆိုး၊ ရုပ်ရည်မဆိုးသလို အလွန်ပွေရှုပ်သည်။ ရည်းစားများ ထည်လဲတွဲတတ်သူ။ မောင်ကျော်ကတော့ သူ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်၏။ ၂ ယောက်စလုံး ရိုးသားကြပါသည်။ အလုပ်အကိုင် မယ်မယ်ရရ မရှိ။ သို့သော် ရပ်ကွက် တိုးတက်ရေး၊ လူမှုရေးများတွင် တက်ကြွစွာ ပါဝင်တတ်သူတွေမို့ ဘာပဲဖြစ်ဖြစ် ဒီရပ်ကွက်ထဲမှာ ဒီနှစ်ကောင်ကို ကျွန်တော် ခင်မင်မိသည်။ ထို့ကြောင့် သူတို့ ဘာများတိုင်ပင်နေသနည်းဟု စပ်စုကူညီလိုစိတ်ပေါ်မိသည်။

"ဟေ့ကောင်တွေ ! ဘာတွေ ပြောဆိုတိုင်ပင်နေကြတာလဲကွ... ဟေ".. ပြောပြောဆိုဆို သူတို့ရှိရာဝိုင်းတွင် ဝင်ထိုင်လိုက်ရာ ၂ ဦးသား ခုမှ ပြာယီးပြာယာဖြစ်ကာ ပြောလက်စ စကား ရပ်တန့်သွားတော့သည်။

"ဟ... မင်းတို့က ဘာလဲကွ.. ဘာတွေ မဟုတ်တာတွေ လုပ်ထားကြလဲ ပြောကြစမ်း..."

"ဘာ.. ဘာမှ မလုပ်ပါဘူး.. အစ်ကိုကြီးရ..." အောင်ဇော်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ပြော၏။

"ကဲပါကွာ... မင်းကြောက်မနေနဲ့.. ဘာဖြစ်သလဲပြောပါ.. ငါကူညီနိုင်တာ ရှိရင် ကူညီပေးမယ်...".. ဒီလိုပြောလိုက်တော့ သူတို့ ၂ ဦး တစ်ယောက်မျက်နှာ တစ်ယောက်တိုင်ပင်သလိုကြည့်လိုက်ကြသည်။ ထို့နောက် မောင်ကျော်က-

"ဟေ့ကောင်ရေ... မင်း အစ်ကိုနဲ့ပဲ တိုင်ပင်ပြီး အကူအညီတောင်းကြည့်ပေတော့... မင်းကိစ္စက ပေါ့သေးသေးမဟုတ်ဘူး.. ငါလည်း မကြံတတ်တော့ဘူးကွ.. ".. ဟုဆိုကာ သူကပင်ဆက်၍

"ဒီလို အစ်ကိုရေ... ဒီကောင်လေ .. သူ့ရည်းစားနဲ့ စည်းတွေဘောင်တွေကျော်တော့ အခုဟိုမှာ ကိုယ်ဝန်ရှိနေပြီလေ.. အဲဒါ မကြံတတ်ဖြစ်နေလို့"

"ဟေ.. ဟုတ်လား အောင်ဇော်.. မင်းတို့လူငယ်တွေကွာ... အချိန်မတန်ခင် စောင့်ထိန်းသင့်တာကို မစောင့်ထိန်းတော့ အခုလို ဒုက္ခတွေ ဖြစ်တော့တာပေါ့ကွာ... မင်းအခု ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ... မဟုတ်တဲ့ ဖျက်ချဖို့တို့ဘာတို့တော့ လုံးဝစိတ်မကူးနဲ့နော် ငါဖတ်မှတ်လေ့လာထားသလောက် အဲလိုလုပ်လို့ အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးပဲကွ... အေး... မင်းတောင်းရမ်းလက်ထပ်ဖို့ လိုအပ်ရင်တော့ ငါ့ကိုပြော.. ငါရပ်ကွက်ထဲကနေ အသိသက်သေလူကြီးအနေနဲ့ ကူညီပေးနိုင်တယ်... မင်းအမေကိုလည်း ဖွင့်ပြောလိုက်ပေတော့ ငါ့ကောင်ရေ... ဒီအခြေအနေရောက်မှတော့ ဒီတစ်နည်းပဲ ရှိတော့တယ်ကွ..."

"ဟုတ်ကဲ့ပါ အစ်ကို... ကျွန်တော်လည်း အဲလိုပဲ လုပ်ဖို့ စိတ်ကူးထားပါတယ်.. ခက်တာက အမေ့ကိုဖွင့်မပြောရဲတာရယ်.. ကျွန်တော့်မှာလည်း အလုပ်အကိုင် မယ်မယ်ရရ မရှိသေးတာရယ်ကြောင့်ပါ..."

"အေးလေ.. ဖြစ်လာမှတော့ ဘယ်တတ်နိုင်တော့မလဲ.. နောင်ခါလာ နောင်ခါမှ ရှင်းရတော့မှာပေါ့ကွာ... ငါတို့လည်း ရှိနေတာပဲ... တတ်နိုင်သမျှ မင်းကိုကူညီပေးမှာပါ..."

.....................................................................................

ဟူးးးး... ဒီလိုပြဿနာတွေ ခုခေတ်လူငယ်တွေကြား ဘယ်လောက်တောင်များနေသည် မသိ။ အနောက်တိုင်းဘက်မှ ကူးစက်လာသော အကျင့်တို့ကို မြန်မာလူငယ်တွေ ကျင့်သုံးနေကြသည်မှာ ရင်လေးစရာ။ လက်ဖက်ရည်ဆိုင်မှ အပြန်တွင် စဉ်းစားရင်း လမ်းလျှောက်လာခဲ့သည်။ ဒီလိုနဲ့ ဆရာလီယိုတို့ အိမ်နားရောက်လာခဲ့သည်။ ဆရာ့ဆီမှ ကျန်းမာရေး ဗဟုသုတလေးတွေ မှတ်သားစရာများ ရရှိတတ်သည်။ ယခုလည်း ဆရာ့ကို အိမ်ရှေ့ကုလားထိုင်ပေါ်တွင် စာဖတ်နေသည်ကို မြင်ရသဖြင့် ဘာရယ်မဟုတ် ဆရာ့ အိမ်ထဲ ဝင်ခဲ့မိသည်။

"ဟာ! ကိုကျော်သာပါလား.. လာလေ ထိုင်ပါဦး.. ရေနွေးလေးဘာလေး သောက်သွားပါဦးဗျ..."

"ဟုတ်ကဲ့.. ဆရာ.. ကျွန်တော်လည်း မနက်စောစော လက်ဖက်ရည်ဆိုင်ဘက်က ပြန်လာတာခင်ဗျ.."

"ဪ.. ဟုတ်ကဲ့.."

"အင်း... အဲဒီမှာ အောင်ဇော်တို့ အကြောင်း မကောင်းသတင်းတစ်ခု သိခဲ့ရတယ် ဆရာရေ..."

"ဟုတ်လား.. ဆိုစမ်းပါဦးဗျ.."

"သြော်... ဒီလိုပါဆရာ.. သူနဲ့ သူ့ကောင်မလေးတို့ စည်းကျော်မိကြရာက ကောင်မလေးမှာ ကိုယ်ဝန်ရှိသွားတယ်လေဆရာ.. ဒီကောင်က သူ့အမေနဲ့ သူကိုယ်တိုင်အတွက်တောင် မနည်းရုန်းကန်နေရတာမလားဆရာရဲ့.. အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိသေးတော့... အခု တော်တော်စိတ်ညစ်နေတယ်ထင်ပါရဲ့ဗျာ... ကျွန်တော်ကတော့ လိုအပ်တဲ့ အကူအညီအချို့ပေးပါ့မယ်လို့ ပြောခဲ့သေးတယ်.."

"အင်းဗျာ... ခုခေတ်မှာ အနောက်တိုင်းက ယဉ်ကျေးမှုတွေ ကူးစက်လာမှုရဲ့ နောက်ဆက်တွဲပြဿနာတွေပေါ့ဗျာ.. ရည်းစားဖြစ်နေစဉ်မှာ စောင့်ထိန်းရမယ့် စည်းကို မစောင့်ထိန်းကြတော့ ဒုက္ခတွေ ဖြစ်ကြရတာပေါ့... တကယ်တော့ အဲလို မစောင့်ထိန်းနိုင်ရင်လည်း ကိုယ်ဝန်မရအောင် အကာအကွယ်သုံးတာတို့၊ ရက်တွက်ပြီး ရှောင်ရှားတာတို့ဆိုတဲ့ အခြေခံ ကျန်းမာရေး ဗဟုသုတ မရှိသေးတာလဲ ပါတာပေါ့ဗျာ... ဒီလို ဗဟုသုတတွေ နည်းသေးတော့ အခုလို အရွယ်မတိုင်ခင်၊ မပြည့်စုံခင်အချိန်မှာ အိမ်ထောင်ကျတာတို့၊ မလုပ်သင့်တဲ့ ဖျက်ချတာတွေကို လုပ်မိပြီး အသက်ဆုံးရှုံးရတာတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာရတော့တာပေါ့..."

"ဟုတ်ကဲ့ဆရာ.. အဲဒီ ဗဟုသုတလေးတွေကို အခု မှတ်သားရအောင် ပြောပြပေးပါလားဆရာ... ဆရာ အချိန်ရရင်လေ..."

"သြော် ရပါတယ်ဗျာ... ဒီလိုရှိတယ်ကိုကျော်သာရဲ့... လူငယ်တွေ အနေနဲ့ပေါ့ဗျာ.. ခုဏက ကျွန်တော်ပြောသလို သမီးရည်းစားဖြစ်နေတဲ့ အချိန်လေးမှာ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားပြီး စည်းစောင့်ထိန်းရင်တော့ အကောင်းဆုံးပါပဲ... ဒါပေမယ့် အခုခေတ်မှာ ပတ်ဝန်းကျင် စေ့ဆော်မှုပေါ့... ဒီခေတ်က အင်တာနက်ခေတ်လေ.. ဆက်သွယ်မှု စနစ်အရမ်းလွယ်ကူလာတော့ အနောက်တိုင်းက အလေ့အထတွေဟာ ဒီကိုရောက်ရှိလာတယ်... အတုယူစရာတွေ ရှိသလို အတုမယူသင့်တာတွေ ရှိတယ်... ဒီလို ပတ်ဝန်းကျင် လံှု့ဆော်မှု အကြောင်းတွေ ရှိနေလေတော့ ဒီလို မဖြစ်စေဖို့ လူတိုင်းကို ကျွန်တော်တို့ ပညာပေးဖို့ဆိုတာထက် ရှောင်ရန် ဆောင်ရန်ဆိုတဲ့ ပညာပေးတဲ့ အပိုင်းကို ကျွန်တော်ကတော့ ပိုလုပ်ပေးဖြစ်ပါတယ်... အရင်ဆုံး စည်းကိုကျော်တော့မယ်ဆိုရင် စဉ်းစားသင့်တာက ကိုယ့်အတွက်နဲ့ သူ့အတွက်ပဲဗျ... ဘာကိုဆိုလိုချင်သလဲ ဆိုတော့ ခုခေတ်မှာ ကုရာနတ္ထိဖြစ်နေတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြီးပေါ့... အဲဒီရောဂါ ကူးစက်ပြီဆိုရင် အရင်ဆုံး ထိခိုက်မှာက သူနဲ့ကိုယ် ကိုယ်တိုင်ပဲကိုး.. ဒီတော့ အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ အကာအကွယ် သုံးတဲ့ နည်းကို ကျွန်တော် စပြောချင်ပါတယ်..."

"ဟုတ်ကဲ့... ပြောပါဆရာ.."

"အကာအကွယ်သုံးတယ်ဆိုတာ ကွန်ဒုံး(Condon)သုံးတာကို ပြောတာပါ.. ဒီပစ္စည်းကို သုံးတာဟာ ကိုယ်ဝန်ရတာကို တားဆီးပေးနိုင်သလို၊ HIV လိုမျိုး လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါမှန်သမျှကို ကာကွယ်ပြီးသားဖြစ်လို့ အကောင်းဆုံးနည်းလမ်းပါပဲ... ဒီနည်းလမ်းကို လူငယ်တွေ တော်တော်များများ သိကြပေမယ့် အသုံးပြုသူကျတော့ အနောက်တိုင်းနိုင်ငံတွေလောက် မတွင်ကျယ်သေးတာ တွေ့ရတယ်ဗျ... နောက်ပြီး အသုံးပြုပုံ မမှန်ကန်မှုတွေလည်း ရှိနေတာကို တွေ့ရပါတယ်..."

"ဟုတ်ကဲ့ပါဆရာ..."

"ဒီနေရာမှာ ကြုံကြိုက်လို့ ကြုံတွေ့ဖူးခဲ့တဲ့ ဟာသလေးကို ပြောပြပါဦးမယ်... ရွာတွေဘက်ကို ကျွန်တော်တို့ အဖွဲ့တွေ သွားပြီး ဒီကွန်ဒုံး အသုံးပြုပုံကို ပညာပေးတယ်ဗျာ... ဒီအကာအကွယ် ပစ္စည်းလေးဟာ ရောဂါအတွက်သာမက၊ သားဆက်ခြားတဲ့ နေရာမှာလည်း အရေးပါ အရာရောက်တာကိုးဗျ.. အဲဒီရွာမှာ ကိုဖိုးထောင်နဲ့ ဒေါ်အေးကြည်တု့ိလင်မယား ရှိတယ် ... အင်မတန် ရိုးသားကြပါတယ်.. ဒါပေမယ့် စာပေပညာ မတတ်ကြဘူး.. ရိုးရိုးအေးအေးကြီးတွေပါ.. သူတို့မှာ စီးပွားရေးကလည်း သိပ်အဆင်အပြေကြီး မဟုတ်ဘူး.. ဒါပေမယ့် သားသမီးတွေက တစ်နှစ်တစ်ယောက်နှုန်းနဲ့ မွေးနေပြီး များလွန်းတော့ သားဆက်ခြား ပညာပေးဟောပြောတဲ့အခါ စိတ်ဝင်တစား နားထောင်ရှာပါတယ်... ကျွန်တော်တို့အဖွဲ့ သူတို့အိမ်ကို သွားလည်တော့ ပြန်ကာနီးမှာ ကိုဖိုးထောင်က တိုးတိုးလေး ကျွန်တော်တို့ကို လာမေးတယ်... 'ဆရာရယ်... ကျွန်တော် ဆရာတို့ ဟောပြောတာကို သေချာနားထောင်ပါတယ်.. ဒါပေမယ့် အဲဒီ ကွန်ဒုံးစွပ်ပုံလေးကို ဆရာတို့ ပုံနဲ့သင်တုန်းက ကျွန်တော် ရှက်လို့ သေချာ မကြည့်လိုက်မိဘူး.. ကျွန်တော့်ကို အခု ပြန်ပြောပြပေးပါလားဗျာ' တဲ့... အဲဒီတော့ ကျွန်တော်တို့ အဖွဲ့မှာပါလာတဲ့ ကျန်းမာရေးမှူးလေးက 'လာ ကိုဖိုးထောင်' ဆိုပြီး အနားမှာရှိတဲ့ ဗူးစင်လေးနားက တိုင်လေးတစ်တိုင်မှာ ကွန်ဒုံးစွပ်ပုံစွပ်နည်းကို သေသေချာချာပြသ သင်ကြားပေးလိုက်တယ်.. ကိုဖိုးထောင်လည်း လက်တွေ့မြင်လိုက်ရတော့ မှတ်မိသွားပြီး ဒီလိုဆိုတော့ ဆရာရေ နောင်နှစ်အတွက်တော့ စိတ်အေးရပြီဆိုပြီး ပျော်ရွှင်ပြီး ကျန်ခဲ့ပါတယ်..."

"ဟုတ်ကဲ့ဆရာ... နောက်တော့ ဘာဆက်ဖြစ်သလဲဆရာ.."

"အင်း... ဖြစ်ပုံကတော့ .. နောက်တစ်နှစ် ကျွန်တော်တို့အဖွဲ့ အဲဒီရွာကို ထပ်ရောက်သွားချိန်မှာ ကိုဖိုးထောင်အိမ်ကိုရောက်တော့ ကိုဖိုးထောင်တို့မိသားစုမှာနောက်ထပ် ကလေးတစ်ယောက် တိုးလာတာကို တွေ့ရတော့တာပါပဲဗျာ..."

"ဟာ.. ဘယ်လိုဖြစ်ရတာလဲဆရာရဲ့... ဆရာတို့ သေချာရှင်းပြလို့ သူတောင် နောင်နှစ်စိတ်အေးရမယ်ပြောသေးတယ်ဆိုဗျ..???"

"ဟုတ်ကဲ့... ကျွန်တော်တို့လည်း တော်တော်အံ့သြသွားပါတယ်... ဒါနဲ့ သူ့ကိုသေသေချာချာမေးကြည့်တယ်.. သူက ကွန်ဒုံးစွပ်ပုံစွပ်နည်းကို ကျန်းမာရေးမှူးလေး ပြောသလို သေချာလိုက်နာကြောင်း ပြောပြတယ်.. အဲလိုနဲ့ အကြောင်းအရာကို စဉ်းစားနေကြတုန်း ကျွန်တော် အိမ်ရှေ့ ဗူးစင်ဘေးကို အမှတ်တမဲ့ ကြည့်လိုက်မိတော့ ဗူးစင်က တိုင်လေးမှာ ကွန်ဒုံးကို စွပ်ရက်နဲ့ တွေ့လိုက်ရတယ်လေ... အဲဒါနဲ့ ကျွန်တော်က ကိုဖိုးထောင်ကို အဲဒါက ဘာလုပ်တာလဲလို့ မေးကြည့်လိုက်တော့မှ အဖြေပေါ်တော့တာကိုး... ဘာလုပ်ရမှာလဲဆရာရယ်.. ဆရာတို့ပဲ သေချာပြခဲ့တာလေ.. ကျွန်တော်လေ ဆရာတို့ ပြောသလိုပဲ ကျွန်တော့် မိန်းမနဲ့ အတူနေခါနီးတိုင်း အဲဒီတိုင်လေးမှာ ကွန်ဒုံးသွားသွားစွပ်ပါတယ်.. ဟိုဆရာလေးပြသလိုလည်း သေသေချာချာ စနစ်တကျ လုပ်ပါတယ်တဲ့လေ..."

"ဟားဟားဟား... ဖြစ်ရလေ ဆရာရယ်...."

"အင်းလေ... မြန်မာပြည်က အရှက်အကြောက်ကြီးကြတော့ လိင်မှုနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေမှာ ဒီလို ပြဿနာလေးတွေ တွေ့ရတတ်ပါတယ်... ကဲဗျာ.. ဆိုလိုရင်းကို မရောက်တော့ဘူး ဖြစ်နေတယ်ထင်တယ်... ကျွန်တော် ပြောချင်တာက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတတ်ကြစေဖို့ပဲ..
- ကွန်ဒုံးဝယ်ယူတဲ့အခါ ပေါက်ပြဲမှု ရှိမရှိ သေချာစစ်ဆေးရမယ်..
- ရက်လွန်မလွန်စစ်ဆေးရမယ်...
- ဖောက်တဲ့ အခါမှာ မပေါက်မပြဲအောင် သေချာဂရုပြုရမယ်... သွားတို့ လက်သည်းတို့နဲ့ မဖောက်သင့်ဘူး.. မတော်တဆ အထဲက ကွန်ဒုံးကို ပေါက်ပြဲမှု ဖြစ်သွားစေနိုင်တယ်...
- စွပ်တဲ့အချိန်မှာလည်း ကွန်ဒုံးအစွန်းထိပ်လေးကို လေမဝင်အောင် လက်နဲ့ဖိပြီး လိင်တံအရင်းအထိ စွပ်ရမယ်... ဒါမှသာ လေမဝင်နိုင်ဘဲ ပေါက်ပြဲမှုမရှိမှာဖြစ်တယ်... ဒီလို အသုံးပြုပုံ စနစ်တကျရှိမှာသာ လုံးဝစိတ်ချရမှာ ဖြစ်လို့ပါ...
- နောက်ပြီး အရေးကြီးတာက တချို့လူတွေက ပိုစိတ်ချရအောင် ဆိုပြီး ကွန်ဒုံးကို ၂ ထပ်သုံးတာမျိုးရှိတယ်... အဲဒါဟာ လုံးဝ မှားယွင်းတဲ့ အယူအဆပဲ... ၂ ထပ်သုံးတဲ့အတွက် ကွန်ဒုံးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မိရာကနေ ပေါက်ပြဲသွားနိုင်တဲ့ အခွင့်အရေးပိုများလို့ပဲ...နောက်ပြီး အမျိုးသမီးအသုံးပြုတဲ့ ကွန်ဒုံးတွေလည်း ရှိသေးတယ်.. ဒါပေမယ့် အမျိုးသားသုံး ကွန်ဒုံးလောက် သုံးရ အဆင်မပြေတဲ့အပြင် ဈေးနှုန်းလည်း ကွာခြားတာကြောင့် သိပ်မတွင်ကျယ်ဘူးဗျ..."

"အင်မတန် .. မှတ်သားစရာ ကောင်းပါတယ်ဆရာ.."

"ဒါကတော့ အကောင်းဆုံးနည်းနာပေါ့.. ကွန်ဒုံးအသုံးပြုတာလေ... တစ်ချို့လူတွေကျပြန်တော့ ဒီလို ကွန်ဒုံးအသုံးပြုရတာကို မကြိုက်မနှစ်သက်သူတွေ ရှိကြတယ်ဗျ... သူတို့က အလွှာပါးပေမယ့် ကမ္ဘာခြားသလိုပါပဲဆရာရယ်လို့ ဆိုလာသူတွေလည်း ရှိပြန်တော့ ဒီလိုလူတွေမှာတော့ ခုဏက ကွန်ဒုံးလောက် စိတ်မချရတဲ့ အိမ်ထောင်ရှင်တွေမှာပါ သားဆက်ခြားနည်းအဖြစ်အသုံးပြုနိုင်တဲ့ ရက်ရှောင်တဲ့နည်း (Safe Period)တွက်နည်းလေးကို ထပ်ပြောပြချင်တယ်..."

"ဟုတ်ကဲ့ပါဆရာ... ဆက်ပြောပါဦး..."

"ဒီလို တွက်ချက်ဖို့ဆိုရင် ပထမဦးဆုံး အမျိုးသမီးရဲ့ ရာသီစက်ဝိုင်းကိုသိရပါမယ်... ဒီနည်းဟာ ရာသီသွေးပေါ်ချိန်မှန်သူတွေဆိုရင် ပိုစိတ်ချရတယ်... ရာသီစက်ဝိုင်းဆိုတာ ပြီးခဲ့တဲ့ ရာသီသွေးပေါ်ချိန်ရဲ့ ပထမဆုံးနေ့ကနေ နောက်တစ်ကြိမ် ရာသီသွေးပေါ်ချိန်ရဲ့ ပထမနေ့အထိကို ဆိုလိုပါတယ်... အဲဒီအချိန်အပိုင်းအခြားကို Menstrual Cycle (ရာသီစက်ဝိုင်း) လို့ခေါ်ပါတယ်... အမျိုးသမီးတွေမှာ ရာသီစက်ဝိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပဲ များသောအားဖြင့်တော့ ၂၆ ရက်ကနေ ၃၁ ရက်အထိ ရှိတတ်ကြတယ်... သားဥကြွေခြင်းဆိုတဲ့ Ovulation ဖြစ်စဉ်ဟာ ရာသီစက်ဝိုင်းရဲ့ တဝက်မှာဖြစ်ပေါ်တတ်ပါတယ်... ဆိုလိုတာက အမျိုးသမီးတစ်ယောက်ဟာ ၂၈ရက်တစ်ခါ ရာသီသွေးပေါ်တတ်ရင် အဲဒီရဲ့တဝက်ဖြစ်တဲ့ ၁၄ရက်မှာ Ovulation ဖြစ်ပါတယ်... ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိနိုင်ပါတယ်... အဲဒီ Ovulation မတိုင်ခင် ၁ပတ် နဲ့ Ovulation ဖြစ်ပြီး ၁ ပတ်တို့ဟာ ကိုယ်ဝန်ရနိုင်တဲ့ အချိန်ဖြစ်တဲ့ Fertile period ပါပဲ... အဲဒီအချိန်ကလွဲရင် ကျန်တဲ့အချိန်ဟာ စိတ်ချရတဲ့ကာလ SAFE PERIOD လို့သတ်မှတ်နိုင်ပါတယ်... တနည်းအားဖြင့် ရာသီ မလာခင် တစ်ပတ်နဲ့ ရာသီ လာပြီး တစ်ပတ်တို့ဟာ အဲဒီလို စိတ်ချရတဲ့ ကာလအပိုင်းအခြားပါပဲ... ဒါကြောင့် ဒီလို SAFE PERIOD ကိုတွက်ဖို့ဆိုရင် Fertile period ကိုသိရမယ်.. ကိုကျော်သာ မျက်စိထဲ မြင်သွားအောင် ကျွန်တော် ပုံလေးနဲ့ သေချာရှင်းပြပါ့မယ်..."

-------------------------------------------------------------------------------------

Fertile period ကိုတွက်ချက်ခြင်း။

ရာသီသွေးပေါ်ချိန် မှန်သူများအတွက်

- ရာသီစက်ဝိုင်း၏ တဝက်သည် သားဥကြွေချိန်ဖြစ်သည်။ သားဥကြွေချိန်မတိုင်မှီ ၇ ရက် နှင့် ကြွေပြီး ၇ ရက်တို့သည် FERTILE PERIOD ဖြစ်သည်။


ပ သွေးပေါ်----------------|==========*==========|----------------ဒုသွေးပေါ်


ပသွေးပေါ် = ရာသီသွေးစပေါ်ချိန်
ဒုသွေးပေါ် = နောက်တစ်ကြိမ် ရာသီသွေး ပေါ်ချိန်
* = သားဥကြွေချိန်
=== နှင့်ပြထားသော ကာလသည် ကိုယ်ဝန်ရနိုင်ချိန်ဖြစ်၍
--- ဖြင့်ပြထားသောကာလသည် SAFE PERIOD ဖြစ်သည်။

ရာသီသွေးပေါ်ချိန် မမှန်သူများအတွက်

- ရာသီသွေးပေါ်ချိန် အတိုဆုံးအချိန်မှ ၁၈ ရက် နုတ်ခြင်းသည် Fertile period ၏ ပထမရက်ဖြစ်သည်။
- ရာသီသွေးပေါ်ချိန် အရှည်ကြာဆုံးအချိန်မှ ၁၀ ရက် နုတ်ခြင်းသည် Fertile period ၏ နောက်ဆုံးရက်ဖြစ်သည်။

ဥပမာ- အမျိုးသမီးတစ်ဦး၏ ရာသီစက်ဝိုင်းမှာ ၂၆ ရက်မှ ၃၁ ရက်အထိ ကွာခြားတတ်သည်ဆိုပါစို့
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အတိုဆုံး ကာလ ၂၆ မှ ၁၈ ကိုနုတ် = ၈ ရက်
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အရှည်ဆုံးကာလ ၃၁ မှ ၁၀ ကိုနုတ် = ၂၁ ရက်

ထို့ကြောင့် ထိုအမျိုးသမီးအတွက် ရာသီလာချိန် ပထမရက်မှစတင်ရေတွက်လျှင် ၈ ရက်မြောက်နေ့မှ ၂၁ ရက်မြောက်နေ့အထိသည် Fertile period ဖြစ်သည်။ ထိုအချိန်မဟုတ်သည့် အခြားရက်များသည် SAFE PERIOD ဖြစ်သည်။

-----------------------------------------------------------------------------------

"ဒီလောက်ဆို ကိုကျော်သာ အခြေခံလောက် သဘောပေါက်မှာပါ..."

"ဟုတ်ကဲ့.. တော်တော်လေးကို သိသွားပါပြီဆရာ... ကျွန်တော်သိချင်တာလေး မေးပါရစေဆရာ... ခုဏက ဆရာရှင်းပြတဲ့အချိန်မှာ ဒီ နည်းသုံးတာဟာ အကာအကွယ်သုံးတဲ့ နည်းလောက် စိတ်ချရမှုမရှိဘူးလို့ ပြောခဲ့ပါတယ်... ကျွန်တော်သိချင်တာက ဘယ်လောက်အထိ ဒီနည်းက စိတ်ချရနိုင်ပါသလဲဆရာ.."

"အရမ်းကောင်းတဲ့ မေးခွန်းလေးပါပဲ... မှန်ပါတယ်.. ဒီနည်းကို စနစ်တကျအသုံးပြုနိုင်တဲ့ အခြေအနေမှာတောင် ကိုယ်ဝန်ရရှိနိုင်မှု အတိုင်းအတာကို လေ့လာစစ်ဆေးမှုတွေ လုပ်ကြည့်တဲ့အခါ တစ်နှစ်အသုံးပြုရင် လူအယောက် ၁၀၀ မှာ ၁၁.၉ ယောက်လောက် ကိုယ်ဝန်ရသွားနိုင်ပါတယ်.. ရာခိုင်နှုန်းအရ တွက်ချက်ရင်တော့ ၂၅% အထိ ကိုယ်ဝန်ရနိုင်မှု ရှိပါတယ်.."

"ဟုတ်ကဲ့ .. နောက်ထပ် တားနည်းလေးတွေ ရှိရင်လည်း ပြောပြပေးပါဦးဆရာ..."

"ဟုတ်ကဲ့... တားနည်းတွေကတော့ မျိုးစုံပါတယ်.... အဓိကအနေနဲ့ အိမ်ထောင်ရှင်တွေ အသုံးပြုတာများပါတယ်... OC Pills ဆိုတဲ့ တားဆေးသောက်သုံးတဲ့နည်း၊ Depo လို့ခေါ်တဲ့ တစ်လ(သို့) သုံးလခံဆေးထိုးတဲ့နည်း၊ သားကြောဖြတ်တဲ့နည်း တွေပါ... ဒါပေမယ့် ဒါတွေ အကြောင်းပါအခု အကုန်ပြောလိုက်ရင် ကိုကျော်သာ တော်တော် နားရှုပ်သွားလိမ့်မယ်.. နောက်ရက်တွေ အချိန်ရမှ ဆက်ဆွေးနွေးကြတာပေါ့ဗျာ..."

"ဟုတ်ကဲ့ပါဆရာ...ဒီနေ့တော့ ကျွန်တော့်အဖို့ တော်တော်လေး ဗဟုသုတတိုးသွားပြီ ဆရာရေ.. ကျွန်တော် မှတ်သလောက် တတ်သလောက်လေးကို တတ်နိုင်သမျှ လူငယ်တွေသိအောင် လက်ဆင့်ကမ်း ပြောပြပေးသွားပါ့မယ်ဆရာ... ဆရာလည်း ကျွန်တော့်ကို ရှင်းပြရတာနဲ့ တော်တော်ပင်ပန်းသွားပြီ.. ကျေးဇူးအထူးပါဆရာ..."

"ရပါတယ်ဗျာ... ကျွန်တော်တို့ ဆရာဝန်တွေမှာ ပြည်သူကို ကုသပေးဖို့ တာဝန်သာမက ပညာပေးဖို့တာဝန်ပါ ရှိပါတယ်..."

"ဟုတ်ကဲ့... ဒါဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦးဆရာ.. ခုလောက်ဆို အိမ်ကမိန်းမက ပြန်မလာနိုင်သေးလို့ ဒေါကန်နေရောမယ်ဗျ..."

"ဟုတ်ပြီ ကိုကျော်သာရေ... နောက်နေ့တွေမှ တွေ့ကြတာပေါ့ဗျာ...."

----------------------------------------------------------------------------------

by Dr. ကျော်စွာ on 19.8.2010 (11:45 pm)

Monday, August 3, 2009

ကင်းမြီးကောက် အကိုက်ခံရရင်

မေးလ်ထဲကို ပေးပို့ပြီးမေးတဲ့မေးခွန်းလေးတစ်ခုပါ။ အများဗဟုသုတရစေရန် ပြန်တင်ပေးလိုက်ပါတယ်...

မေး။ ။ "လီယိုဒေါက်တာရှင့်..ကင်းမီကောက်ကိုက်ရင်ဘာလုပ်ရမလဲ သိချင်ပါတယ်ရှင့်။ အလွယ်ဆုံးကုသနည်းကို သိချင်ပါတယ်ရှင့်။
အမြန်ဆုံးလေး စာပြန်ပါနော်။"

-------------------------

ဖြေ။ ။ ကင်းမြီးကောက် အဆိပ်ဆူးခံရရင်(သို့) မြန်မာအခေါ်အကိုက်ခံရရင်...(တကယ်ကတော့ ကင်းမြီးကောက်က မကိုက်ပါဘူး။ သူ့မှာရှိတဲ့ အဆိပ်ဆူးလေးနဲ့ထိုးတာပါ)

- စကိုက်ခံရပြီးပြီးချင်းဆိုရင်တော့
၁။ အကိုက်ခံရတဲ့ နေရာကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပေးရပါမယ်။ (အဆိပ်ရှိသတ္တဝါတော်တော်များများ အကိုက်ခံရရင် ဒီအတိုင်းလုပ်နိုင်ပါတယ်)
၂။ ရေခဲထုတ်လေးနဲ့ အကိုက်ခံရတဲ့ နေရာတဝိုက်ကို အုံပေးရပါမယ်။( ၁၀ မိနစ်ခန့်)
၃။ မေးခိုင်ကာကွယ်ဆေး ထိုးရပါမယ်။
၄။ တကယ်လို့ အောက်ပါလက္ခဏာထဲက တစ်ခုခုဖြစ်ခဲ့ရင်တော့ ဆေးရုံကိုအမြန်ဆုံးသွားရပါမယ်။
- ခြေ၊ လက်၊ မျက်နှာစသော နေရာများတွင် ထုံကျင်လာခြင်း။
- မျက်စိအမြင်အာရုံဝေဝါးလာခြင်း။
- ကြွက်တက်သကဲ့သို့ဖြစ်ခြင်း။

ဒါကတော့ ရုတ်တရက်လုပ်ဆောင်သင့်တာနဲ့ အကိုက်ခံရပြီးချိန်မှာသတိပြုသင့်တဲ့ ဟာတွေပါ။
တော်ရုံနဲ့တော့ ဘာမှမဖြစ်တတ်ကြပါဘူး။ ဖျားတာနာတာလောက်နဲ့ပဲ ပြီးပါတယ်။ အသက်ငယ်လွန်းတဲ့သူ၊ ဒါမှမဟုတ် အသက်ကြီးလွန်းတဲ့သူတွေမှာသာ စိုးရိမ်ရတာပါ။

တကယ်လို့ စိုးရိမ်စရာလက္ခဏာတစ်ခုခုရှိလာခဲ့ရင်တော့ ဆေးရုံကိုသာတန်းသွားလိုက်တာ အကောင်းဆုံးပါပဲ။ အိမ်မှာလဲမကုနိုင်သလို ဆေးခန်းလေးတွေမှာလည်း ကုသလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြွေဆိပ်ဖြေဆေးလိုမျိုးဖြေဆေးထိုးဖို့ လိုအပ်လို့ပါပဲ။

ကျန်းမာပျော်ရွှင်ပါစေ...

Friday, July 31, 2009

Hypoglycemia (သကြားဓါတ်လျော့နည်းခြင်း)

လူတွေဟာနေ့စဉ်နဲ့အမျှ Glucose လို့ခေါ်တဲ့ သကြားဓါတ်ကို လိုအပ်ပါတယ်။ ဒီလိုသကြားဓါတ် ခန္ဓာကိုယ်ထဲမှာလိုအပ်တာထက်နည်းသွားတာကို Hypoglycemia လို့ခေါ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် -

- ခြေလက်များတုန်လာခြင်း၊
- ချွေးစေးပြန်ခြင်း၊
- ရင်တုန်ခြင်း၊
- မူးဝေခြင်း၊
- အော့အန်ခြင်း၊
- မေ့လဲခြင်း အစရှိတဲ့ လက္ခဏာတွေဖြစ်တတ်ပြီး တကယ်လို့ အိပ်ပျော်နေချိန်မျိုးမှာ ဖြစ်ခဲ့ရင်တော့-

- အိပ်မက်ဆိုးများမက်ခြင်း၊
- ယောင်ယမ်း၍ ညည်းတတ်ခြင်း၊
- နိုးလာချိန်တွင် ထိုင်းမှိုင်းကာ၊ နုံးချိနေသကဲ့သို့ ခံစားရခြင်း စသည်တို့ဖြစ်တတ်ပါတယ်။

အဲလိုမကြာခဏဖြစ်တတ်တဲ့ သူများအနေနဲ့ သကြားဓါတ်ကြွယ်ဝတဲ့ သကြားလုံး၊ အချိုရည်စတာတွေကို ဆောင်ထားဖို့လိုအပ်ပါတယ်။ ဒီလို သကြားဓါတ်လျော့ကျခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကတော့-

- အစာစားချိန်မမှန်ခြင်း၊
- ချွေးထွက်များလွန်းခြင်း၊
- ဆီးချိုကျဆေးသောက်သုံးနေရသူများ၊
- အရက်ကိုအလွန်အကျွံသောက်သုံးသူများ စသည်တို့ပဲဖြစ်ပါတယ်။

မျက်ကွင်းညိုရခြင်းအကြောင်း



မျက်ကွင်းဘာကြောင့်ညိုရသလဲဆိုရင် ကျွန်တော်တို့မျက်စိအနီးတဝိုက်မှာရှိတဲ့ အရေပြားဟာအလွန်ကိုပါးလွှာပြီး၊ နေရောင်ခြည်နဲ့လေတို့တိုက်ခတ်မှုဒဏ်ကို အလွယ်တကူ ခံစားရနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

မျက်ကွင်းညိုရခြင်းရဲ့ အဓိကအကြောင်းအရင်းများကတော့-
- အိပ်ရေးပျက်ခြင်း၊
- အစာအာဟာရကိုမျှတစွာ မစားသုံးခြင်း၊ (တနည်း။ ။အစားရွေးခြင်း)
- နောက်တစ်ခုကတော့ ကွန်ပြူတာကိုအချိန်ကြာမြင့်စွာ အသုံးပြုခြင်း တို့ပဲဖြစ်ပါတယ်။

အလှကုန်ပစ္စည်းတွေမှာ ဒီလိုမျက်ကွင်းညိုတာကိုပျောက်စေတဲ့ ပစ္စည်းတွေရှိပေမယ့် အဲလိုမဖြစ်အောင်ကာကွယ်ဖို့ အဓိကလုပ်သင့်တာတွေကတော့ -
- အိပ်ရေးဝအောင်အိပ်ပါ။
- အစာအာဟာကိုမျှတအောင်စားပေးပါ။ (အစိမ်းရင့်ရောင်ရှိအသီးအရွက်၊ အသား၊ ငါး၊ နွားနို့၊ ပဲ စသည်များ)
- ရေများများသောက်ပေးပါ။
- ကွန်ပြူတာကို ကြာမြင့်စွာအသုံးပြုတတ်သူဆိုရင် တောက်လျှောက်မကြည့်ဘဲ မျက်စိကို ၁နာရီတစ်ခါလောက် အနားပေးပါ။

Dr ကျော်စွာသက်

ကိုယ်ဝန်မရစေရန် Safe Period တွက်ချက်ခြင်း။


အိမ်ထောင်ရှင်တွေ သားသမီးမလိုချင်သေးတဲ့အခါ၊ အမျိုးသားကလည်း အကာအကွယ်မသုံးချင်ဘူး၊ အမျိုးသမီးကလည်းဆေးမသောက်ချင်ဘူးဆိုရင် အကာအကွယ်သုံးတာ၊ တားဆေးထိုးတာသောက်တာလောက် စိတ်မချရပေမယ့် အသုံးပြုလို့ရတဲ့ SAFE PERIOD တွက်ချက်ပုံကိုဖော်ပြပေးလိုက်ပါတယ်။

ပထမဦးစွာ အမျိုးသမီးရဲ့ ရာသီစက်ဝိုင်းကိုသိရပါမယ်။ ဒီနည်းဟာ ရာသီသွေးပေါ်ချိန်မှန်သူတွေဆိုရင် ပိုစိတ်ချရပါတယ်။
ရာသီစက်ဝိုင်းဆိုတာ ပြီးခဲ့တဲ့ရာသီလာချိန်ရဲ့ပထမဆုံးနေ့ကနေ အခုရာသီသွေးပေါ်ချိန်ရဲ့ပထမနေ့ အထိကို ဆိုလိုပါတယ်။ အဲဒီအချိန်အပိုင်းအခြားကို Menstrual Cycle(ရာသီစက်ဝိုင်း) လို့ခေါ်ပါတယ်။

ရာသီစက်ဝိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပဲ များသောအားဖြင့်တော့ ၂၆ ရက်ကနေ ၃၁ ရက်အထိ ရှိတတ်ကြပါတယ်။

သားဥကြွေခြင်း Ovulation ဖြစ်စဉ်ဟာ ရာသီစက်ဝိုင်းရဲ့ တဝက်မှာဖြစ်ပေါ်တတ်ပါတယ်။ ဆိုလိုတာက အမျိုးသမီးတစ်ယောက်ဟာ ၂၈ရက်တစ်ခါ ရာသီသွေးပေါ်တတ်ရင် အဲဒီရဲ့တဝက်ဖြစ်တဲ့ ၁၄ ရက်မှာ Ovulationဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိနိုင်ပါတယ်။

အဲဒီ Ovulation မတိုင်ခင် ၁ပတ် နဲ့ Ovulation ဖြစ်ပြီး ၁ ပတ်တို့ဟာ ကိုယ်ဝန်ရနိုင်တဲ့ အချိန် Fertile period ပါပဲ။ အဲဒီအချိန်ကလွဲရင် ကျန်တဲ့အချိန်ဟာ စိတ်ချရတဲ့ကာလ SAFE PERIOD လို့သတ်မှတ်ပါတယ်။

ဒါကြောင့် ဒီလို SAFE PERIOD ကိုတွက်ဖို့ဆိုရင် Fertile period ကိုသိရပါမယ်။

Fertile period ကိုတွက်ချက်ခြင်း။

ရာသီသွေးပေါ်ချိန် မှန်သူများအတွက်
- ရာသီစက်ဝိုင်း၏ တဝက်သည် သားဥကြွေချိန်ဖြစ်သည်။ သားဥကြွေချိန်မတိုင်မှီ ၇ ရက် နှင့် ကြွေပြီး ၇ ရက်တို့သည် SAFE PERIOD ဖြစ်သည်။

A--------------------B===========*===========B--------------------A

A = ရာသီသွေးစပေါ်ချိန် / နောက်တစ်ကြိမ်ရာသီသွေးပေါ်ချိန်
* =သားဥကြွေချိန်

ရာသီသွေးပေါ်ချိန် မမှန်သူများအတွက်

===== ပြထားသော ကာလသည် ကိုယ်ဝန်ရနိုင်ချိန်Fertile periodဖြစ်၍
----- ပြထားသောကာလသည် SAFE PERIOD ဖြစ်သည်။

- ရာသီသွေးပေါ်ချိန် အတိုဆုံးအချိန်မှ ၁၈ ရက် နုတ်ခြင်းသည် Fertile period ၏ ပထမရက်ဖြစ်သည်။
- ရာသီသွေးပေါ်ချိန် အရှည်ကြာဆုံးအချိန်မှ ၁၀ ရက် နုတ်ခြင်းသည် Fertile period ၏ နောက်ဆုံးရက်ဖြစ်သည်။

ဥပမာ- အမျိုးသမီးသည် ရာသီသွေးပေါ်ချိန် ၂၆ ရက်မှ ၃၁ ရက်အထိ ကွာခြားတတ်သည်ဆိုပါစို့
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အတိုဆုံး ကာလ ၂၆ မှ ၁၈ ကိုနုတ် = ၈ ရက်
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အရှည်ဆုံးကာလ ၃၁ မှ ၁၀ ကိုနုတ် = ၂၁ ရက်

ထို့ကြောင့် ထိုအမျိုးသမီးအတွက် ရာသီလာချိန် ပထမရက်မှစတင်ရေတွက်လျှင် ၈ ရက်မြောက်နေ့မှ ၂၁ ရက်မြောက်နေ့အထိသည် Fertile period ဖြစ်သည်။ ထိုအချိန်မဟုတ်သည့် အခြားရက်များသည် SAFE PERIOD ဖြစ်သည်။

SAFE PERIOD နည်းသုံးလျှက်နဲ့ပင် ကိုယ်ဝန်ရရှိနိုင်မှု

တစ်နှစ်မှာ လူအယောက် ၁၀၀ ထဲမှာ ၁၁.၉ ယောက် ကိုယ်ဝန်ရနိုင်သည်။
ရာခိုင်နှုန်းအရ ၂၅ % အထိကိုယ်ဝန်ရရှိနိုင်မှု ရှိသည်။

ဤသို့ ကလေးမရစေနိုင်ရန် တားဆီးကာကွယ်မှုများနည်းထဲတွင် သားကြောဖြတ်ခြင်းနည်းမှတပါး အကောင်းဆုံးမှာ အကာအကွယ်(ကွန်ဒုံး) သုံးခြင်းပင်ဖြစ်သည်။ အကာအကွယ်သုံးခြင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုပါ ကာကွယ်သောကြောင့် လူငယ်များအတွက် အကောင်းဆုံးပင်ဖြစ်သည်။

ကျန်းမာရွှင်လန်းကြပါစေ.....

Thursday, May 7, 2009

ဝက်တုတ်ကွေး (Swine Flu) အကြောင်းသိကောင်းစရာများ

၀က်တုတ်ကွေး(Swine Flu)

ဝက်တုတ်ကွေးရောဂါဖြစ်စေတဲ့ H1N1ဗိုင်းရပ်စ်(Virus)ဟာ ပုံမှန်အားဖြင့် ဝက်တွေမှာသာဖြစ်ပွားနိုင်ပြီး လူတွေမှာဖြစ်ပွားနိုင်မှုနည်းပါတယ်။ ဒါပေမယ့် အခုဖြစ်ပွားနေတဲ့ ဝက်တုတ်ကွေး ဗိုင်းရပ်စ်ပိုးကတော့ ဒီဝက်တွေမှာဖြစ်နေကျဗိုင်းရပ်စ်ပိုးကနေ မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲမှု(Mutation) ကြောင့်ဖြစ်ပေါ်လာတယ်လို့ ယူဆကြပါတယ်။

ဝက်တုတ်ကွေးရောဂါဖြစ်လျှင်တွေ့နိုင်သော ရောဂါလက္ခဏာများ

ဝက်တုတ်ကွေးရောဂါဖြစ်လာပြီဆိုရင်တွေ့ရမယ့်လက္ခဏာတွေကတော့ သာမန်တုတ်ကွေးမှာဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်တဲ့
- လည်ချောင်းနာခြင်း
- ချမ်းတုန်၍ဖျားခြင်း
- ကိုယ်လက်မအီမသာဖြစ်၍ ကိုက်ခဲခြင်း
- ချောင်းဆိုးခြင်း
- ခေါင်းကိုက်ခြင်း စတာတွေဖြစ်ပေါ်နိုင်ပါတယ်။

လက်ရှိကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ဝက်တုတ်ကွေးရောဂါခံစားရသူအများစုဟာ ရောဂါလက္ခဏာသိသိသာသာမပြပဲ၊ Anti-Viral ဆေးလုံးဝသောက်စရာမလိုပဲ လုံးဝပျောက်ကင်းကြတာများတယ်လို့လည်း သိရပါတယ်။

ကြောက်စရာကောင်းတဲ့အချက်အနေတွေကတော့
- လက်ရှိအချိန်မှာ ဒီရောဂါအတွက်ကာကွယ်ဆေး မရှိသေးတာ
- လူတစ်ဦးနဲ့တစ်ဦးကူးစက်ဖို့အလွန်လွယ်ကူတာ (လေမှတဆင့်ပျံ့နှံ့ခြင်းကြောင့်)
- ရောဂါအကြောင်းသေချာစွာမသိသေးတာ
- ငယ်ရွယ်ပြီးကိုယ်ခံအားကောင်းသူတွေကိုပါ သေစေနိုင်တာ စသည်တို့ပဲဖြစ်ပါတယ်။

အောက်မှာဖော်ပြပေးထားတဲ့ ဟာတွေကတော့ WHO(world health organization) ကမကြာမီက ထုတ်ပြန်ထားတဲ့ အချက်အချို့ပဲဖြစ်ပါတယ်။

- ကိုယ့်ဘေးနားမှာထိုင်နေတဲ့သူမှာ ဝက်တုတ်ကွေးဖြစ်နေတယ်လို့ သိနိုင်မလား?
မသိနိုင်ပါဘူး။ တကယ်လို့အပေါ်မှာ ပြောပြခဲ့တဲ့ရောဂါလက္ခဏာအချို့ကို ကိုယ့်အနီးနားကလူမှာတွေ့ခဲ့ရရင်တော့ သူနဲ့အနည်းဆုံး ၆ပေအကွာခန့်မှာနေသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းဖြစ်ရင် ထွက်လာတဲ့ ဗိုင်းရပ်စ်ပါဝင်နေနိုင်တဲ့ တံတွေးစက်အမှုန်အမွားလေးတွေ ဟာ ဒီလောက်အကွာအဝေးကိုရောက်ရှိ ကူးစက်နိုင်လို့ပါပဲ။

- ဆရာဝန်တဲ့စွတ်တဲ့ မျက်နှာဖုံးမျိုးတပ်ထားသင့်လား?
သာမန်အားဖြင့် ကိုယ်မှာဒီလိုရောဂါလက္ခဏာတွေမရှိဘူးဆိုရင်၊ ဒါမှမဟုတ်ကိုယ့်အနီးနားမှာ ရောဂါရှိတယ်လို့သံသယဖြစ်ရသူမရှိရင် ဒီလိုမျက်နှာဖုံးတပ်ထားစရာ မလိုပါဘူး။ ဒါပေမယ့် လူတွေအများကြီးရှိတဲ့နေရာမျိုးကိုသွားမယ်ဆိုရင်တော့ တပ်ထားသင့်ပါတယ်။

- ဝက်တုတ်ကွေးရောဂါကိုကာကွယ်နိုင်တဲ့ဆေးရှိပြီလား?
မရှိသေးပါ။ ဒီဆေးကိုထုတ်လုပ်နိုင်ဖို့ လချီပြီးကြာနိုင်ပါတယ်။ (ယခုအချိန်မှာတော့ ရှိနေပြီလို့သိရပါတယ်)

- ဒီရောဂါကိုဖြစ်ပွားမှုကို ရှောင်ရှားနိုင်မယ့်အကောင်းဆုံးနည်းလမ်းက ဘာပါလဲ?
ယခုအချိန်မှာ ဖျားနာနေသူ၊ ချောင်းဆိုးနေသူတွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေပါ။ လက်ကိုဆပ်ပြာနဲ့ ခဏခဏဆေးပေးပါ။
(မှတ်ချက်။ ။ ဒီလိုလက်ခဏခဏ ဆေးတာဟာ ဝက်တုတ်ကွေးဖြစ်ပွားမှုကိုလျှော့ချနိုင်တယ်လို့ သက်သေမပြနိုင်သေးပေမယ့် လေကနေတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပွားမှုကိုတော့ လျော့ကျစေနိုင်ပါတယ်။)

- ဝက်သားစားရင် ဒီရောဂါရဲ့အန္တရာယ်ရှိနိုင်လား?
မရှိပါဘူး။ လူတစ်ဦးနဲ့တစ်ဦး ဒီရောဂါကူးစက်ပျံ့ပွားမှုဟာ ရောဂါပိုးရှိတဲ့နေရာတွေကိုထိတွေ့ခြင်း ဒါမှမဟုတ် ရောဂါပိုးရှိသူနှာချေ၊ ချောင်းဆိုးရာမှထွက်ပေါ်လာသော လေကိုရှူရှိုက်မိခြင်း စသည်တို့မှသာကူးစက်နိုင်ပါတယ်။ ဝက်သားစားလို့ ဒီရောဂါမကူးစက်နိုင်ပါဘူး။

- ကိုယ်ကိုတိုင် ဒါမှမဟုတ် ကိုယ့်မိသားစုဝင်ထဲမှာ သံသယဖြစ်ဖွယ်ဖျားနာတဲ့သူရှိရင် ဘာလုပ်ရမလဲ?
ဆရာဝန်သွားပြလိုက်ရင် အကောင်းဆုံးပါပဲ။ ဒီလိုသွားပြလိုက်လို့မမှားနိုင်ပါဘူး။
ဒီလို လေမှတဆင့်ပျံ့နံှ့နိုင်တဲ့ရောဂါတစ်ခုခု ဖြစ်ပေါ်လာရင် အလုပ်၊ ကျောင်းစသည်တို့ကိုမသွားသင့်ပါဘူး။ ခရီးမထွက်သင့်ပါဘူး။ လူထူထပ်သောနေရာများကိုရှောင်ရှားသင့်ပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ မက်ဆီကိုလိုနေရာမျိုးကိုမသွားတဲ့သူမျိုးတွေမှာ ဒီလိုရောဂါအန ္ထရာယ်သိပ်မရှိပါဘူး။

- ရောဂါကုသနိုင်တဲ့ဆေးတွေရှိရဲ့လား?
ခုချိန်ထိဓါတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးမှုအရတော့ Tamiflu (oseltamivir) နဲ့ Relenza (zanamivir) ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ ပိုမိုထိရောက်ဖို့အတွက်ကတော့ ရောဂါဖြစ်ဖြစ်ချင်းစသောက်ရင်အကောင်းဆုံးပါပဲ။ ဒါကြောင့် ရောဂါသံသယဖြစ်ရင်ဆရာဝန်ဆီအမြန်ဆုံးသွားတာ အကောင်းဆုံးပါပဲ။

ဒါကတော့ WHO ကထုတ်ပြန်ပေးထားတဲ့ အချက်အလက်တွေပါ။ မရှင်းလင်းတာ သိလိုတာများရှိခဲ့ရင် မေးမြန်းနိုင်ပါတယ်။


အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

Written by LeoDoctor ( on 30.4.2009- at 1:00am)

Saturday, April 11, 2009

ကော်ဖီကြိုက်သူတိုင်းသိသင့်တဲ့ ကော်ဖီထဲက Caffeine ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

        ကော်ဖီမှာ ကဖင်း(Caffeine) ဓါတ်ပါတာကိုတော့ ကော်ဖီသောက်တဲ့ လူတိုင်းလိုလို သိကြပါတယ်။ Caffeine ကိုစိတ်တက်ကြွစေသောအရာ၊ အိပ်ချင်ပြေစေသောအရာ တစ်ခုအဖြစ်လူသိများကြပါတယ်။ Caffeine ပါတဲ့အစားအစာတွေ အများကြီးရှိပါတယ်။ လူသိများတဲ့အစားအစာတချို့ကိုပြောရရင်တော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ(Coca cola) စသဖြင့် ရှိကြပါတယ်။

Caffeine ၏ ကောင်းသော အာနိသင်များ

        Caffeine ပါတဲ့ အစားအစာတစ်ခုခုကိုစားသောက်လိုက်ရင် လူရဲ့အူလမ်းကြောင်းကနေတဆင့် သွေးထဲကို တဖြည်းဖြည်း ဝင်ရောက်သွားပြီး နောက်ထပ် ၁နာရီအကြာမှာ Caffeine ရဲ့အာနိသင်အမြင့်ဆုံးကို ခံစားရပါတယ်။ Caffeine ဓါတ်ဟာလူကို အတန်ငယ်နိုးကြား ဖျတ်လတ်စေနိုင်ပြီး၊ နှလုံးခုန်နှုန်းကိုလည်း မြန်စေပါတယ် (ဒါကြောင့်နှလုံးရောဂါရှိသူတွေ ကော်ဖီသောက်သုံးရင် ရင်တုန်တာတို့၊ ရင်ဘတ်အောင့်တာတို့ ဖြစ်တတ်တာပါ) ။ Caffeine ဟာဦးဏှောက်ကိုလည်း အကျိုးသက်ရောက်မှုပေးပါတယ်။ အဲဒါတွေကတော့ စိတ်ဓါတ်တက်ကြွစေခြင်း၊ ပင်ပန်းမှုကိုလျော့ကျစေနိုင်ခြင်း၊ အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေခြင်း စသည်တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှူနှုန်းနဲ့ လူ့ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် တို့ကိုလည်းမြန်စေပါတယ်။ ဒါကြောင့် အိပ်ခါနီးကော်ဖီသောက်ရင် အိပ်မပျော်တာတွေ ဖြစ်စေတာပါ။

Caffeine ကိုစွန့်ထုတ်ပုံ

        Caffeine ရဲ့အာနိသင်သက်ရောက်မှုနဲ့ ကြာမြင့်ချိန်ဟာ လူတစ်ဦးနဲ့တစ်ဦး အရပ်အနိမ့်အမြင့်၊ အသက်အရွယ်၊ ယောကျာ်းမိန်းမစသဖြင့် ကွဲပြားကြပါတယ်။ Caffeineကို အသည်းမှခြေဖျက်ပေးပြီး ဆီးမှတဆင့်စွန့်ထုတ်ပါတယ်။

Caffeine ၏အာနိသင် သက်ရောက်မှု

        တချို့လူတွေက Caffeine ဓါတ်ရဲ့အာနိသင်ကိုသူများထက် ပိုမိုခံစားလွယ်တဲ့ သူတွေရှိသလို၊ တချို့ကြပြန်တော့လည်း Caffeine ဓါတ်ရဲ့အာနိသင် မသက်ရောက်တော့တာတွေလည်း ရှိပါတယ်။ ဘယ်လိုလူတွေမှာ ဒီလိုအာနိသင်သက်ရောက်မှု မရှိတော့ဘူးလဲဆိုရင် တစ်နေ့ကို Caffeine ၆၀၀မီလီဂရမ်(ခန့်မှန်းချေ ကော်ဖီ ၆ ခွက်) လောက် နေ့စဉ်သောက်သုံးတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဲလိုလူတွေမှာ ခေါင်းမကြည်မလင်ဖြစ်ခြင်းတွေ ဖြစ်တတ်တဲ့အပြင် အခြားဆေးတွေသောက်သုံးရင် အဲ့ဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ပိုမိုခံစားရစေ နိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကိုအလွန်အကျွံသောက်သုံးရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

တစ်နေ့ကိုကော်ဖီဘယ်လောက်ထိသောက်သုံးနိုင်မလဲ ??

        ၁၉၈၀ ခုနှစ်ကစတင်ခဲ့တဲ့ သုတေသနပြုမှုအရတော့ တစ်နေ့ကို Caffeine ၃၀၀ မီလီဂရမ် (ခန့်မှန်းချေ ကော်ဖီ ၃ ခွက်)လောက်အထိ သောက်သုံးနိုင်တယ်လို့ဆိုပါတယ်။ ဒီလောက်သောက်သုံးရင်တော့ ကျန်းမာရေးကို ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။

Caffeine ဓါတ်ပါဝင်မှုနှုန်းများ

Espresso ကော်ဖီ - ၅၀၂ မီလီဂရမ်
ရိုးရိုးကော်ဖီ         - ၈၂ မီလီဂရမ်
လက်ဖက်ရည်     - ၄၇ မီလီဂရမ်

Caffeine ဓါတ်နှင့်ကျန်းမာရေး

- Caffeine ဓါတ်ကို သင့်တင့်ယုံ ရရှိရင် အရိုးပွမှုကို အသင့်အတင့် လျော့ကျစေနိုင်ပါတယ်။
- Caffeine ဓါတ်လွန်ကဲစွာ သောက်သုံးသူ တွေမှာ ကိုယ်ဝန်ရရှိဖို့ အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သင့်တင့်စွာသောက်သုံးရင် ကောင်းပေမယ့်၊ လွန်ကဲစွာသောက်သုံးရင်တော့ ကိုယ်ဝန်ပျက်ကျတာတို့၊ မွေးတဲ့ကလေး ပေါင်မပြည့်တာတို့ ဖြစ်စေနိုင်ပါတယ်။
- ဝိတ်ချလိုသူတွေအတွက်တော့ Caffeine ဓါတ်ဟာများစွာ အထောက်အကူပြုပါတယ်။ ဘာလို့လဲဆိုတော့ Caffeineဓါတ်ဟာ (Calories)ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတဲ့အတွက်ကြောင့်ပါပဲ။

ကဲ..ဒီလောက်ဆိုရင်တော့ တော်တော်လေးကိုစုံသလောက်ရှိသွားပါပြီ။ အခြားအချက်အလက်လေးတွေရှိပေမယ့် သိပ်အရေးမကြီးတာရယ်၊ စာများလွန်းရင်ဖတ်တဲ့သူတွေပျင်းမှာစိုးတာရယ်ကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...

Friday, April 10, 2009

ဆားဝက်ခြံအကြောင်း သိကောင်းစရာများ


ဆားဝက်ခြံအကြောင်း သိကောင်းစရာများ
=============================


ဆားဝက်ခြံဆိုတာဘာလဲ??
----------------------------------

ဆားဝက်ခြံဆိုတာလဲ ဝက်ခြံအမျိုးအစား တစ်ခုပါပဲ။ သူကတော့ ရိုးရိုးဝက်ခြံလို ကြီးထွားလာတာတို့၊ နာကျင်တာတို့မဖြစ်စေပါဘူး။ ဆားဝက်ခြံဟာ နှာခေါင်း၊ နားရွက်၊ မေးရိုး စတဲ့နေရာများမှာ ဖြစ်ပေါ်တတ်ပါတယ်။ လူတွေတော်တော်များများထင်ကြတာကတော့ ဆားဝက်ခြံဆိုတာ အလှအပနဲ့ပဲ ဆိုင်တယ်လို့ ထင်တာပါ။ တကယ်တော့ ဒါဟာလည်းကျန်းမာရေး ပြဿနာတစ်ခုပါပဲ။

ဆားဝက်ခြံဘယ်လိုဖြစ်လာသလဲ??
--------------------------------------------

မျက်နှာပေါ်က အရေပြားမှာထောင်သောင်းချီတဲ့ အပေါက်သေးသေးလေးတွေ ရှိပါတယ်။ အဲဒီအပေါက်လေးတွေမှာ မျက်နှာကထွက်တဲ့အဆီတွေ၊ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားပိုးတွေကထုတ်တဲ့ အရည်တွေစုပုံလာပြီး ပိတ်သွားခြင်းကနေစပါတယ်။ အမည်းရောင်ဖြစ်သွားတာကတော့ ပြင်ပမှာရှိတဲ့ အောက်ဆီဂျင်နဲ့ ထိတွေ့သွားလို့ပါပဲ။ အဲဒီလိုဖြစ်ပေါ်လာတဲ့ ဆားဝက်ခြံထဲမှာ တစ်သျှူးအသေတွေ၊ အဆီခဲတွေစုပုံနေတာပါ။

ဆားဝက်ခြံဖြစ်ပေါ်စေသော အကြောင်းများ
------------------------------------------------------

၁။ ။ ခန္ဓာကိုယ်အတွင်း ရေဓါတ်နည်းနေခြင်း။
၂။ ။ ဆဲလ်အသေများ မျက်နှာချွေးပေါက်တွင် ပိတ်ဆို့နေတတ်ခြင်း။
၃။ ။ မျက်နှာအဆီပြန်မှု များခြင်း။
၄။ ။ မျက်နှာသန့်ရှင်းမှုပြုရာတွင် အဆီများပြောင်စင်အောင်သန့်ရှင်းမှုမပြုခြင်း။
၅။ ။ အဆီပါဝင်မှုများသော မိတ်ကပ်၊ အလှပြင်ပစ္စည်းများကို အသုံးပြုခြင်း။
၆။ ။ ဝမ်းချုပ်တတ်ခြင်း။

ဆားဝက်ခြံကိုဘယ်လိုပျောက်အောင်လုပ်မလဲ??
------------------------------------------------------------

- လက်နဲ့ဆားဝက်ခြံကို ညှစ်တာမကောင်းဘူးလို့ဆိုကြပါတယ်။ ဒါပေမယ့် သာသာလေးညှစ်ရင်တော့ ဆားဝက်ခြံဖြစ်ပွားမှုကို ထိုက်သင့်သလောက် လျော့ချနိုင်တယ်လို့လည်း ဆိုပါတယ်။
- ကပ်ခွာအသုံးပြုခြင်းဟာ ဆားဝက်ခြံအတွက် ထိရောက်တဲ့ ကုသနည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းက အညစ်အကြေးနဲ့ ဆဲလ်အသေတွေကို အများကြီး သန့်စင်စေလို့ပါ။
- Vitamin A ပါတဲ့ လိမ်းဆေးတွေဟာလည်း အထောက်အကူ ပြုပါတယ်။ Vitamin A ဟာ မျက်နှာအဆီပြန်မှုကို လျော့ကျစေပြီး အဆီထွက်တဲ့အပေါက်ကလေးတွေကို မပိတ်ဆို့အောင် ကာကွယ်ပေးလို့ပါပဲ။ ဒါပေမယ့် ကာလအတန်ကြာစွဲပြီး အသုံးပြုဖို့တော့ လိုပါတယ်။
- Salicyclic acid နဲ့ Glycolic acid ပါဝင်တဲ့အလှပြင် ပစ္စည်းတွေကိုသုံးရင်လည်း ဆားဝက်ခြံဖြစ်မှုကို လျော့ချနိုင်ပါတယ်။ ဒါပေမယ့် စောစောကVitamin A ပါတဲ့လိမ်းဆေးတွေ သုံးနေရင်တော့ ဒါတွေသုံးလို့မရပါဘူး။
- ရေများများသောက်ခြင်း၊ အဆီပါဝင်မှုများသော အစားအစာလျော့ချခြင်း ဟာလည်း ဆားဝက်ခြံဖြစ်ပွားမှုကို သက်သာစေနိုင်တာပါပဲ။
- ဒါကတော့ လွယ်လွယ်ကူကူ သုံးနိုင်တဲ့နည်းပါ။ ပျားရည်ပူပူနွေးနွေးလေးကို ဆားဝက်ခြံဖြစ်တဲ့ နေရာမှာလိမ်းပြီး ၁၀မိနစ်လောက် ထားလိုက်ပါ။ ပြီးမှမျက်နှာကို ဆေးကြောပေးပါ။ ဒီနည်းဟာ ဆားဝက်ခြံအတွက်သာမက မျက်နှာအသားအရည်ကိုလည်း လှပစေပါတယ်။


အားလုံးစိတ်ချမ်းမြေ့ကြပါစေ...


By Roar of a Leo Tiger !!! (10.4.2009- 5:05pm)

Tuesday, April 7, 2009

ဘာကြောင့် အိမ်သာမှာ ထိုင်ကမုတ်ကို သုံးသင့်သလဲ....

သူငယ်ချင်းတို့ရေ...

၁၉၀၀ ပြည့်နှစ် ဝန်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချစ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွားတာကို
ကြုံခဲ့ရတယ်..။
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို
မျက်စိထဲက မထွက်ခဲ့ဘူး..။
ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။
သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..။

မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ..။

ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း.....။

တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်..။
မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..။
သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။

“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ်
သေဆုံးသူအများစုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်..
လို့တွေ့ရမှာပါ.။ ဒီလိုပါပဲ...သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ”

သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။
သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး
အိမ်သာတတ်သူဟာ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့
ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..။
ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ..
ရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုးစေတယ်..။
လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အားကျနေပြီလေ.။
ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့...သူတင်ပြတယ်..။

ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား
ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။
ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ အံ့သြစရာကောင်းပါတယ်..။
၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။
ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက်
သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။
အင်္ဂလန်အပါအဝင် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..။
ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်..။
အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..။
မြန်မာနိုင်ငံမှာရော..............................?????????????????????


ကဲ...သူငယ်ချင်းတို့ရေ...
မသိခင်ကတော့ ထားပါတော့....သိပြီးမှတော့ ကျွန်တော်တို့တွေ ထိုင်ကမုတ်ခွက် ကိုပြောင်း
မသုံးသင့်ဘူးလားဗျာ...။

..................................................................................................................................

ပြင်သစ်ဆရာဝန် Thomas Vills ရဲ့ Bad Dream ဆိုတဲ့ အင်တာဗျူးကို
zaw357@gmail.com ဘာသာပြန်သည်..။