ကော်ဖီမှာ ကဖင်း(Caffeine) ဓါတ်ပါတာကိုတော့ ကော်ဖီသောက်တဲ့ လူတိုင်းလိုလို သိကြပါတယ်။ Caffeine ကိုစိတ်တက်ကြွစေသောအရာ၊ အိပ်ချင်ပြေစေသောအရာ တစ်ခုအဖြစ်လူသိများကြပါတယ်။ Caffeine ပါတဲ့အစားအစာတွေ အများကြီးရှိပါတယ်။ လူသိများတဲ့အစားအစာတချို့ကိုပြောရရင်တော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ(Coca cola) စသဖြင့် ရှိကြပါတယ်။
Caffeine ၏ ကောင်းသော အာနိသင်များ
Caffeine ပါတဲ့ အစားအစာတစ်ခုခုကိုစားသောက်လိုက်ရင် လူရဲ့အူလမ်းကြောင်းကနေတဆင့် သွေးထဲကို တဖြည်းဖြည်း ဝင်ရောက်သွားပြီး နောက်ထပ် ၁နာရီအကြာမှာ Caffeine ရဲ့အာနိသင်အမြင့်ဆုံးကို ခံစားရပါတယ်။ Caffeine ဓါတ်ဟာလူကို အတန်ငယ်နိုးကြား ဖျတ်လတ်စေနိုင်ပြီး၊ နှလုံးခုန်နှုန်းကိုလည်း မြန်စေပါတယ် (ဒါကြောင့်နှလုံးရောဂါရှိသူတွေ ကော်ဖီသောက်သုံးရင် ရင်တုန်တာတို့၊ ရင်ဘတ်အောင့်တာတို့ ဖြစ်တတ်တာပါ) ။ Caffeine ဟာဦးဏှောက်ကိုလည်း အကျိုးသက်ရောက်မှုပေးပါတယ်။ အဲဒါတွေကတော့ စိတ်ဓါတ်တက်ကြွစေခြင်း၊ ပင်ပန်းမှုကိုလျော့ကျစေနိုင်ခြင်း၊ အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေခြင်း စသည်တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှူနှုန်းနဲ့ လူ့ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် တို့ကိုလည်းမြန်စေပါတယ်။ ဒါကြောင့် အိပ်ခါနီးကော်ဖီသောက်ရင် အိပ်မပျော်တာတွေ ဖြစ်စေတာပါ။
Caffeine ကိုစွန့်ထုတ်ပုံ
Caffeine ရဲ့အာနိသင်သက်ရောက်မှုနဲ့ ကြာမြင့်ချိန်ဟာ လူတစ်ဦးနဲ့တစ်ဦး အရပ်အနိမ့်အမြင့်၊ အသက်အရွယ်၊ ယောကျာ်းမိန်းမစသဖြင့် ကွဲပြားကြပါတယ်။ Caffeineကို အသည်းမှခြေဖျက်ပေးပြီး ဆီးမှတဆင့်စွန့်ထုတ်ပါတယ်။
Caffeine ၏အာနိသင် သက်ရောက်မှု
တချို့လူတွေက Caffeine ဓါတ်ရဲ့အာနိသင်ကိုသူများထက် ပိုမိုခံစားလွယ်တဲ့ သူတွေရှိသလို၊ တချို့ကြပြန်တော့လည်း Caffeine ဓါတ်ရဲ့အာနိသင် မသက်ရောက်တော့တာတွေလည်း ရှိပါတယ်။ ဘယ်လိုလူတွေမှာ ဒီလိုအာနိသင်သက်ရောက်မှု မရှိတော့ဘူးလဲဆိုရင် တစ်နေ့ကို Caffeine ၆၀၀မီလီဂရမ်(ခန့်မှန်းချေ ကော်ဖီ ၆ ခွက်) လောက် နေ့စဉ်သောက်သုံးတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဲလိုလူတွေမှာ ခေါင်းမကြည်မလင်ဖြစ်ခြင်းတွေ ဖြစ်တတ်တဲ့အပြင် အခြားဆေးတွေသောက်သုံးရင် အဲ့ဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ပိုမိုခံစားရစေ နိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကိုအလွန်အကျွံသောက်သုံးရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
တစ်နေ့ကိုကော်ဖီဘယ်လောက်ထိသောက်သုံးနိုင်မလဲ ??
၁၉၈၀ ခုနှစ်ကစတင်ခဲ့တဲ့ သုတေသနပြုမှုအရတော့ တစ်နေ့ကို Caffeine ၃၀၀ မီလီဂရမ် (ခန့်မှန်းချေ ကော်ဖီ ၃ ခွက်)လောက်အထိ သောက်သုံးနိုင်တယ်လို့ဆိုပါတယ်။ ဒီလောက်သောက်သုံးရင်တော့ ကျန်းမာရေးကို ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။
Caffeine ဓါတ်ပါဝင်မှုနှုန်းများ
Espresso ကော်ဖီ - ၅၀၂ မီလီဂရမ်
ရိုးရိုးကော်ဖီ - ၈၂ မီလီဂရမ်
လက်ဖက်ရည် - ၄၇ မီလီဂရမ်
Caffeine ဓါတ်နှင့်ကျန်းမာရေး
- Caffeine ဓါတ်ကို သင့်တင့်ယုံ ရရှိရင် အရိုးပွမှုကို အသင့်အတင့် လျော့ကျစေနိုင်ပါတယ်။
- Caffeine ဓါတ်လွန်ကဲစွာ သောက်သုံးသူ တွေမှာ ကိုယ်ဝန်ရရှိဖို့ အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သင့်တင့်စွာသောက်သုံးရင် ကောင်းပေမယ့်၊ လွန်ကဲစွာသောက်သုံးရင်တော့ ကိုယ်ဝန်ပျက်ကျတာတို့၊ မွေးတဲ့ကလေး ပေါင်မပြည့်တာတို့ ဖြစ်စေနိုင်ပါတယ်။
- ဝိတ်ချလိုသူတွေအတွက်တော့ Caffeine ဓါတ်ဟာများစွာ အထောက်အကူပြုပါတယ်။ ဘာလို့လဲဆိုတော့ Caffeineဓါတ်ဟာ (Calories)ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတဲ့အတွက်ကြောင့်ပါပဲ။
ကဲ..ဒီလောက်ဆိုရင်တော့ တော်တော်လေးကိုစုံသလောက်ရှိသွားပါပြီ။ အခြားအချက်အလက်လေးတွေရှိပေမယ့် သိပ်အရေးမကြီးတာရယ်၊ စာများလွန်းရင်ဖတ်တဲ့သူတွေပျင်းမှာစိုးတာရယ်ကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...
No comments:
Post a Comment