Friday, April 10, 2009

ဆားဝက်ခြံအကြောင်း သိကောင်းစရာများ


ဆားဝက်ခြံအကြောင်း သိကောင်းစရာများ
=============================


ဆားဝက်ခြံဆိုတာဘာလဲ??
----------------------------------

ဆားဝက်ခြံဆိုတာလဲ ဝက်ခြံအမျိုးအစား တစ်ခုပါပဲ။ သူကတော့ ရိုးရိုးဝက်ခြံလို ကြီးထွားလာတာတို့၊ နာကျင်တာတို့မဖြစ်စေပါဘူး။ ဆားဝက်ခြံဟာ နှာခေါင်း၊ နားရွက်၊ မေးရိုး စတဲ့နေရာများမှာ ဖြစ်ပေါ်တတ်ပါတယ်။ လူတွေတော်တော်များများထင်ကြတာကတော့ ဆားဝက်ခြံဆိုတာ အလှအပနဲ့ပဲ ဆိုင်တယ်လို့ ထင်တာပါ။ တကယ်တော့ ဒါဟာလည်းကျန်းမာရေး ပြဿနာတစ်ခုပါပဲ။

ဆားဝက်ခြံဘယ်လိုဖြစ်လာသလဲ??
--------------------------------------------

မျက်နှာပေါ်က အရေပြားမှာထောင်သောင်းချီတဲ့ အပေါက်သေးသေးလေးတွေ ရှိပါတယ်။ အဲဒီအပေါက်လေးတွေမှာ မျက်နှာကထွက်တဲ့အဆီတွေ၊ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားပိုးတွေကထုတ်တဲ့ အရည်တွေစုပုံလာပြီး ပိတ်သွားခြင်းကနေစပါတယ်။ အမည်းရောင်ဖြစ်သွားတာကတော့ ပြင်ပမှာရှိတဲ့ အောက်ဆီဂျင်နဲ့ ထိတွေ့သွားလို့ပါပဲ။ အဲဒီလိုဖြစ်ပေါ်လာတဲ့ ဆားဝက်ခြံထဲမှာ တစ်သျှူးအသေတွေ၊ အဆီခဲတွေစုပုံနေတာပါ။

ဆားဝက်ခြံဖြစ်ပေါ်စေသော အကြောင်းများ
------------------------------------------------------

၁။ ။ ခန္ဓာကိုယ်အတွင်း ရေဓါတ်နည်းနေခြင်း။
၂။ ။ ဆဲလ်အသေများ မျက်နှာချွေးပေါက်တွင် ပိတ်ဆို့နေတတ်ခြင်း။
၃။ ။ မျက်နှာအဆီပြန်မှု များခြင်း။
၄။ ။ မျက်နှာသန့်ရှင်းမှုပြုရာတွင် အဆီများပြောင်စင်အောင်သန့်ရှင်းမှုမပြုခြင်း။
၅။ ။ အဆီပါဝင်မှုများသော မိတ်ကပ်၊ အလှပြင်ပစ္စည်းများကို အသုံးပြုခြင်း။
၆။ ။ ဝမ်းချုပ်တတ်ခြင်း။

ဆားဝက်ခြံကိုဘယ်လိုပျောက်အောင်လုပ်မလဲ??
------------------------------------------------------------

- လက်နဲ့ဆားဝက်ခြံကို ညှစ်တာမကောင်းဘူးလို့ဆိုကြပါတယ်။ ဒါပေမယ့် သာသာလေးညှစ်ရင်တော့ ဆားဝက်ခြံဖြစ်ပွားမှုကို ထိုက်သင့်သလောက် လျော့ချနိုင်တယ်လို့လည်း ဆိုပါတယ်။
- ကပ်ခွာအသုံးပြုခြင်းဟာ ဆားဝက်ခြံအတွက် ထိရောက်တဲ့ ကုသနည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းက အညစ်အကြေးနဲ့ ဆဲလ်အသေတွေကို အများကြီး သန့်စင်စေလို့ပါ။
- Vitamin A ပါတဲ့ လိမ်းဆေးတွေဟာလည်း အထောက်အကူ ပြုပါတယ်။ Vitamin A ဟာ မျက်နှာအဆီပြန်မှုကို လျော့ကျစေပြီး အဆီထွက်တဲ့အပေါက်ကလေးတွေကို မပိတ်ဆို့အောင် ကာကွယ်ပေးလို့ပါပဲ။ ဒါပေမယ့် ကာလအတန်ကြာစွဲပြီး အသုံးပြုဖို့တော့ လိုပါတယ်။
- Salicyclic acid နဲ့ Glycolic acid ပါဝင်တဲ့အလှပြင် ပစ္စည်းတွေကိုသုံးရင်လည်း ဆားဝက်ခြံဖြစ်မှုကို လျော့ချနိုင်ပါတယ်။ ဒါပေမယ့် စောစောကVitamin A ပါတဲ့လိမ်းဆေးတွေ သုံးနေရင်တော့ ဒါတွေသုံးလို့မရပါဘူး။
- ရေများများသောက်ခြင်း၊ အဆီပါဝင်မှုများသော အစားအစာလျော့ချခြင်း ဟာလည်း ဆားဝက်ခြံဖြစ်ပွားမှုကို သက်သာစေနိုင်တာပါပဲ။
- ဒါကတော့ လွယ်လွယ်ကူကူ သုံးနိုင်တဲ့နည်းပါ။ ပျားရည်ပူပူနွေးနွေးလေးကို ဆားဝက်ခြံဖြစ်တဲ့ နေရာမှာလိမ်းပြီး ၁၀မိနစ်လောက် ထားလိုက်ပါ။ ပြီးမှမျက်နှာကို ဆေးကြောပေးပါ။ ဒီနည်းဟာ ဆားဝက်ခြံအတွက်သာမက မျက်နှာအသားအရည်ကိုလည်း လှပစေပါတယ်။


အားလုံးစိတ်ချမ်းမြေ့ကြပါစေ...


By Roar of a Leo Tiger !!! (10.4.2009- 5:05pm)

No comments:

Post a Comment