အဲဒီနေ့ညက ကျွန်တော် အိမ်ကိုပြန်ရောက်တဲ့ အချိန်မှာ ကျွန်တော့်ဇနီးက ညစာပြင်ဆင်ပြီး အသင့်စောင့်ကြိုလို့ နေတယ်.. ကျွန်တော် သူမလက်ကို ကိုင်ပြီး သူမကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမဟာ ညစာစားပွဲမှာ ငြိမ်သက်စွာ ထိုင်လိုက်ပြီး ညစာကိုစားနေပေမယ့် သူမရဲ့ မျက်လုံးအိမ်ထဲမှာ နာကျင်ခံစားနေရမှုတွေကို ကျွန်တော် တွေ့ရှိနေရတယ်... ရုတ်တရက် သူမကို ဘယ်လို ပြောရမယ်ဆိုတာတောင် ကျွန်တော် မသိဘူးဖြစ်သွားတယ်.. ဒါပေမယ့် သူမကို ကျွန်တော့်စိတ်ထဲက အတွေးကို ပြောမှဖြစ်မယ်... သူမနဲ့ ကျွန်တော် ကွာရှင်းလိုတဲ့ အကြောင်းကိုပေါ့... အေးအေးဆေးဆေးလေးပဲ သူမကို ကျွန်တော် ကွာရှင်းလိုတဲ့အကြောင်းကို ပြောလိုက်တယ်...
သူမဟာ ကျွန်တော့်စကားကြောင့် ထူးခြားပြီး တုန်လှုပ်မှု မရှိခဲ့ဘူး... အဲဒီအစား သူမက ဖြေးဖြေးလေး မေးခွန်းပြန်ထုတ်ခဲ့တာက
"ဘာကြောင့်လဲ ?? " တဲ့... ကျွန်တော် သူမရဲ့ မေးခွန်းကို ဖြေဖို့ ရှောင်လွဲခဲ့တယ်... အဲဒီလို ရှောင်လွဲနေတာဟာ သူမရဲ့ တည်ငြိမ်နေတဲ့ စိတ်ကို ပေါက်ကွဲစေတယ် ထင်ပါတယ်... သူမဟာ ညစာစားနေတဲ့ တူကိုပစ်ပေါက်လိုက်ပြီး ကျွန်တော့်ကို
"ရှင်.. ယောကျာ်းမပီသဘူး၊ လူမဆန်ဘူး!! " လို့ အော်ပြောခဲ့တယ်...အဲဒီညက ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် စကားဆက်မပြောဖြစ်ကြတော့ဘူး... သူမဟာ တစ်ညလုံး ရှိုက်ငိုနေခဲ့တယ်... သူမဟာ ကျွန်တော်တို့ရဲ့ ထိမ်းမြားမှုကို ပြတ်တောက်စေရတဲ့ အကြောင်းရင်းကို သိချင်နေမှန်း ကျွန်တော် ရိပ်စားမိခဲ့တယ်...ဒါပေမဲ့ သူမအတွက် စိတ်ကျေနပ်လောက်စရာ အဖြေ ကျွန်တော့်မှာ ရှိမနေခဲ့ဘူး.. သူမဆီမှာထားခဲ့တဲ့ ကျွန်တော့် အချစ်တွေကို Jane ဆီမှာ ကျွန်တော် အပ်နှံလိုက်ပြီ... ကျွန်တော် သူမကို မချစ်နိုင်တော့ဘူး... ကျွန်တော် သူမကို သနားတာပဲ ရှိတော့တယ်လေ...
အပြစ်ရှိတဲ့ သူတစ်ယောက်လို နက်နဲစွာ ခံစားရင်းနဲ့ပဲ ကျွန်တော် သူမကို ကွာရှင်းစာချုပ် ထုတ်ပေးခဲ့တယ်.. အဲဒီထဲမှာ သူမကို ကျွန်တော်တို့ လက်ရှိနေအိမ်၊ ကား နဲ့ ကုမ္ပဏီရဲ့ ၃၀% ကို လွဲပြောင်းပေးတဲ့ အချက်တွေပါ ပါရှိခဲ့တယ်... သူမကတော့ အဲဒါတွေကို တစ်ချက်ပဲ ကြည့်ပြီး အားလုံးကို တစ်စစီဖြစ်အောင် ဆွဲဖြဲလိုက်တော့တယ်... ပြောရရင် သူမဘဝရဲ့ ၁၀ နှစ်ကျော်ကြာအချိန်ကို ကျွန်တော်နဲ့အတူ ပေါင်းသင်းနေထိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ဟာ ကျွန်တော်နဲ့ သူစိမ်းတွေလို ဖြစ်သွားတယ်...သူမရဲ့ အချိန်တွေ၊ ခွန်အားတွေကို ကျွန်တော့်အတွက် ပေးဆပ်ခဲ့တဲ့ သူမအတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိခဲ့ပါတယ်... ဒါပေမယ့် ကျွန်တော် နောက်ပြန်မလှည့်ချင်တော့ဘူး... ကျွန်တော် Jane ကို အင်မတန် ချစ်မြတ်နိုးမိနေပြီ... နောက်ဆုံးမှာ ကျွန်တော် မျှော်လင့်ထားသလိုပဲ သူမဟာ ကျွန်တော့်ရှေ့မှာ ပြင်းပြင်းထန်ထန် ငိုကြွေးနေခဲ့တယ်... သူမဒီလိုငိုကြွေးလိုက်တာဟာ ကျွန်တော့်အတွက်တော့ စိတ်ထွက်ပေါက် တစ်မျိုးပါပဲ...ကွာရှင်းဖို့ အတွေးတွေနဲ့ ရက်သတ္တပတ်ပေါင်းများစွာကို ဝေဝါးစွာ ဖြတ်ကျော်ခဲ့တဲ့ ကျွန်တော့်အတွက် ပီပီပြင်ပြင်နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့ပြီနဲ့ တူပါတယ်...
နောက်တစ်နေ့ ကျွန်တော် ညဉ့်နက်မှ အိမ်ကိုပြန်ရောက်တော့ သူမကို စားပွဲခုံမှာ တစ်ခုခုရေးနေလျှက်နဲ့ တွေ့ရတယ်... ဒါပေမယ့် ကျွန်တော် သူမဘာရေးလဲဆိုတာ စပ်စုဖု့ိ ကျွန်တော့်မှာ အားအင်မရှိတော့ဘူး... Jane နဲ့အတူ ပျော်စရာ နေ့ရက်တစ်ခုကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ကျွန်တော် အလွန်ပင်ပန်းနွမ်းနယ်နေလို့ တစ်ခါတည်း အပေါ်ကိုတက်ပြီး အိပ်စက်ဖို့သာ အာရုံရှိနေခဲ့တယ်... ကျွန်တော် တရေးနိုးတော့လည်း သူမဟာ စားပွဲမှာ ထိုင်ပြီး စာရေးနေလျှက်ပဲ...ဒါပေမယ့် ကျွန်တော် ဂရုမစိုက်တော့ဘဲ တစ်ဘက်ကိုလှည့်ပြီး ဆက်အိပ်ပျော်သွားခဲ့တယ်...
နောက်နေ့ မနက်ရောက်တော့ သူမဟာ မကွာရှင်းမီမှာ သူမတောင်းဆိုလိုတာတွေကို ကျွန်တော့်ကို ပြောပြခဲ့တယ်... သူမဟာ ကျွန်တော့်ဆီက ပစ္စည်းဥစ္စာ ဘာတစ်ခုမှ မတောင်းဆိုခဲ့ဘူး... သူမ တောင်းဆိုတဲ့ အရာကတော့ ကွာရှင်းဖို့ကိစ္စကို တစ်လနောက်ရွှေ့ဖို့ပဲ...အဲဒီ တစ်လအတွင်းမှာ သူမနဲ့ကျွန်တော် ဘာမှမဖြစ်သလို ပုံမှန်နေထိုင်ပေးသွားဖို့ တောင်းဆိုခဲ့တယ်... သူမရဲ့ အကြောင်းပြချက်က အလွန်ရိုးရှင်းပါတယ်... ကျွန်တော်တို့ရဲ့ သားလေးဟာ လာမယ့် တစ်လအတွင်းမှာ စာမေးပွဲ ဖြေဆိုဖို့ ရှိနေတယ်... ကျွန်တော်တို့ရဲ့ ကွာရှင်းမှုကိစ္စကြောင့် ကလေးကို ထိခိုက်မှု မရှိစေချင်တဲ့ အတွက်ပဲဖြစ်တယ်...
ဒီတောင်းဆိုချက်ဟာ ကျွန်တော့်အဖို့ လိုက်လျောနိုင်တဲ့ တောင်းဆိုမှုဖြစ်တယ်... ဒါပေမယ့် သူမဟာ နောက်ထပ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့တယ်... သူမက ကျွန်တော့်ကိုမေးတယ်.. ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာခန်းဝင်တော့ သူမကို ကျွန်တော် ဘယ်လိုပွေ့ချီ ခေါ်ဆောင်သွားတယ်ဆိုတာ မှတ်မိလားတဲ့... အဲဒီလိုမျိုးပဲ ဒီမကွာရှင်းမီ တစ်လလုံးမှာ နေ့တိုင်းနေ့တိုင်း သူမကို ကျွန်တော်တို့အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးအထိ ရောက်အောင် ပွေ့ချီပို့ပေးဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်... ကျွန်တော့်စိတ်ထဲမှာ သူမကို ရူးသွားပြီလားလို့တောင် တွေးမိသွားတယ်...ဒါပေမယ့် ကျွန်တော်တို့ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အဆင်ပြေပြေဖြစ်ချင်တာကြောင့် သူမရဲ့ထူးဆန်းတဲ့ တောင်းဆိုမှုကို သည်းခံပြီး ကျွန်တော် လိုက်လျောခဲ့တယ်...
ကျွန်တော်နဲ့ ကျွန်တော့်ဇနီးသည်တို့ ကွာရှင်းတော့မယ့် အကြောင်းနဲ့ သူမရဲ့ တောင်းဆိုမှုတွေကို Jane ကိုပြောပြတော့ Jane က ဟားတိုက်ရယ်မောပြီး အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့သေးတယ်... သူမအနေနဲ့ ဘယ်လိုလှည့်ဖြားမှုတွေ လုပ်လုပ် တစ်နေ့မှာ ကျွန်တော်နဲ့ကွာရှင်းပေးရမှာပဲလို့ Jane က အထင်သေးစွာ ပြောခဲ့တယ်...
ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ ကွာရှင်းဖို့ကိစ္စအတွက် ကျွန်တော် ကြိုးစားနေမှုကို ထင်ရှားစွာ ပြသခဲ့တဲ့ အချိန်ကစပြီး ခန္ဓာကိုယ်ချင်း ထိတွေ့မှု လုံးဝမရှိခဲ့ကြဘူး... ဒါကြောင့် ပထမဆုံးနေ့မှာ ကျွန်တော်သူမကို ပွေ့ချီတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ရှက်ရွံ့အားနာနေကြတယ်... ကျွန်တော်တို့ရဲ့ သားလေးဟာ နောက်ကနေ
"ဟေးး...ဖေဖေကြီးက မေမေကြီးကို ပွေ့ချီလာတယ်ကွ..." လို့ လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်တယ်... သားရဲ့ စကားဟာ ကျွန်တော့်ကို နာကျင်မှုတစ်မျိုးကို ပေးစွမ်းခဲ့တယ်... ကျွန်တော်တို့အိပ်ခန်းကနေ ဧည့်ခန်း ကိုဖြတ်ပြီး တံခါးဝအထိ စုစုပေါင်း ၁၀ မီတာကျော်လောက်ကို ကျွန်တော် သူမကိုပွေ့ချီပြီး လျှောက်ခဲ့ရတယ်... သူမကတော့ မျက်လွှာနှစ်ဘက်လုံးကို ချထားပြီး ကျွန်တော့်ကို တိုးတိုးလေး ပြောတယ်.. ကျွန်တော်တို့ ကွာရှင်းဖို့ကိစ္စကို ကလေးကို အသိမပေးဖို့ပေါ့... ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်းသွားပြီး ကျွန်တော် ခေါင်းငြိမ့်ပြခဲ့တယ်... ကျွန်တော်သူမကို တံခါးအပြင်ဘက်မှ ချပေးလိုက်တော့ သူမဟာ အလုပ်သွားဖို့ ဘတ်စ်ကားဂိတ်ဆီကို ထွက်ခွာသွားခဲ့တယ်... ကျွန်တော်လည်း ကျွန်တော့်ရုံခန်းဆီကို တစ်ယောက်တည်း ကားမောင်းထွက်သွားခဲ့တယ်...
ဒုတိယနေ့မှာတော့ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် ဒီလို ပွေ့ချီပြီး ပို့ဆောင်မှုဟာ ပိုမိုလွယ်ကူလာခဲ့တယ်... သူမဟာ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်မှာ ခေါင်းလေးကို မှီပြီး လိုက်ပါလာခဲ့တယ်... သူမရဲ့ အင်္ကျီက ရေမွှေးရနံ့ကိုတောင် ကျွန်တော် ရှူရှိုက်မိခဲ့တယ်...အဲဒီအချိန်ရောက်မှ ကျွန်တော် ဇနီးသည်ကို သေချာဂရုစိုက်ပြီး မကြည့်မိတာ သတိထားမိတယ်... သူမဟာ နုပျိုငယ်ရွယ်မှု မရှိတော့ဘူး... သူမရဲ့ မျက်နှာမှာ အရေးအကြောင်းလေးတွေ တွေ့နေပြီ၊ သူမရဲ့ ဆံပင်တွေ မီးခိုးရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီ... ကျွန်တော်တို့ရဲ့ ထိမ်းမြားလက်ထပ်မှုဟာ သူမကို ဒီလိုပြောင်းလဲစေခဲ့သလား?? ကျွန်တော် တစ်မိနစ်လောက်အတွင်းမှာ ပြီးခဲ့တဲ့ ကာလတွေတုန်းက သူမအပေါ် ကျွန်တော် ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာတွေ ပြန်တွေးနေမိတယ်...
စတုတ္ထမြောက်နေ့မှာ သူမကို ကျွန်တော်ပွေ့ချီတော့ ကျွန်တော်တို့ကြားမှာ ရင်းနှီးချစ်ကြည်မှုတွေ ပြန်ရောက်လာပြီလို့ ကျွန်တော်ခံစားရတယ်... သြော် .. ဒါဟာ သူမဘဝရဲ့ ၁၀ နှစ်ကျော်ဆိုတဲ့ အချိန်တွေကို ကျွန်တော့်အတွက် ပေးဆပ်ခဲ့တဲ့ မိန်းမတစ်ယောက်ပါလား !!
ငါးရက်မြောက်နေ့၊ ခြောက်ရက်မြောက်နေ့တွေမှာ ကျွန်တော်တို့ကြားက ချစ်ကြည်ရင်းနီးမှုတွေ တိုးပွားလာသလိုပဲ... ဒီအကြောင်းတွေကို ကျွန်တော် Jane ကို ပြန်မပြောပြဖြစ်ခဲ့ဘူး... ဒီတစ်လအတွင်းမှာ သူမကို ပွေ့ချီရတာ လွယ်သထက် လွယ်ကူလာခဲ့တယ်... ကြည့်ရတာ နေ့စဉ်ဒီလို ချီပိုးမှုဟာ ကျွန်တော့်ကို သန်မာလာစေတယ်နဲ့ တူတယ်...
တစ်ရက်မှာတော့ သူမဟာ ဗီရိုထဲကနေ အဝတ်တွေ တစ်စုံပြီးတစ်စုံ စမ်းဝတ်ကြည့်နေတယ်... နောက်တော့ သက်ပြင်းချပြီး
"ကျွန်မရဲ့ အဝတ်တွေအားလုံး ကျွန်မနဲ့ မတော်တော့ဘူး.. ကြီးကုန်ပြီ..." လို့ ညည်းတွားလိုက်တယ်... ဒီတော့မှ ကျွန်တော် သတိပြုမိတယ်... သူမ အတော်ကိုပဲ ပိန်သွားခဲ့ပြီ... ဒါကြောင့် ကျွန်တော် သူမကို ပွေ့ချီရတာ တစ်နေ့ထက်တစ်နေ့ လွယ်ကူလာခဲ့တာကိုး... ရုတ်တရက် သူမရဲ့ နာကျင်ခါးသီးစရာ အခြေအနေတွေကို ကျွန်တော် ခံစားမိလိုက်တယ်... ဒါကြောင့် သူမအနားကိုသွားပြီး သူမရဲ့ခေါင်းလေးကို သွားပုတ်ပေးလိုက်တယ်...
အဲဒီအချိန်မှာပဲ ကျွန်တော်တို့သားလေး ရောက်လာပြီး
"ဖေဖေကြီး၊ မေမေ့ကို ပွေ့ချီဖို့ အချိန်ရောက်ပြီ.." တဲ့လေ... သားလေးအတွက်တော့ သူ့အဖေကသူ့အမေကို ပွေ့ချီတာဟာ သူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ ထင်ပါတယ်... ကျွန်တော့် ဇနီးက သားကို အနားလာဖို့ လက်ယပ်ခေါ်လိုက်ပြီး ခပ်တင်းတင်း ပွေ့ဖက်လိုက်ပါတယ်... ကျွန်တော် မျက်နှာချက်ချင်းလွဲထားလိုက်တယ်... ဘာလို့လဲဆိုတော့ အဲဒီမြင်ကွင်းကြောင့် ကျွန်တော့် စိတ်ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားမှာ ကျွန်တော် စိုးရိမ်လို့ပဲ...
နောက်တော့ သူမကို ကျွန်တော့် ရင်ခွင်ထဲကို ပွေ့ယူပြီး ထုံးစံအတိုင်း အိပ်ခန်းကနေ ဧည့်ခန်းကိုဖြတ်ပြီး တံခါးဝအထိ ချီယူလာခဲ့တယ်... သူမရဲ့ လက်တွေက သဘာဝကျကျ ကျွန်တော့် လည်ပင်းကို ဖျော့ဖျော့လေး သိုင်းဖက်လိုက်ပါလာခဲ့တယ်... ကျွန်တော့်လက်တွေကတော့ သူမကိုယ်ခန္ဓာကို ခပ်တင်းတင်းပွေ့ဖက်ထားမိတယ်... ပြောရရင် ကျွန်တော်တို့ မင်္ဂလာဦးနေ့က အတိုင်းပါပဲ... ဒါပေမယ့် အရင်ကထက် ပိုမိုပေါ့ပါးတဲ့ သူမရဲ့ကိုယ်ခန္ဓာက ကျွန်တော့်စိတ်ကို ထိခိုက်စေခဲ့တယ်...
တစ်လပြည့်တဲ့ နောက်ဆုံးနေ့ရက်မှာ သူမကို ကျွန်တော် ပွေ့ယူလိုက်ပို့ပေးတော့ ကျွန်တော့်ခြေထောက်တွေက တစ်လှမ်းလှမ်းဖို့တောင် ခက်ခဲနေခဲ့တယ်... အဲဒီအချိန်မှာ သားကတော့ ကျောင်းသွားနေပြီဖြစ်လို့ အိမ်မှာ မရှိနေဘူး...ကျွန်တော် သူမကို တင်းတင်းပွေ့ဖက်ပြီး "ကျွန်တော်တို့ ၂ယောက်ရဲ့ ကမ္ဘာလေးမှာ ရင်းနီးကြင်နာမှုတွေ ပျောက်ဆုံးနေခဲ့တာကို ကိုယ်သတိမပြုမိဘူး..." လို့ ပြောလိုက်တယ်...
ပြီးတာနဲ့ ကျွန်တော် ကားထဲကို အမြန်ပြေးဝင်ပြီး ချက်ချင်း မောင်းထွက်လာခဲ့တယ်... ကားတံခါးကိုတောင် မပိတ်ဖြစ်ဘူး... ကျွန်တော်စိုးရိမ်တာက ကျန့်ကြာမှု တစ်ခုခုဖြစ်ခဲ့ရင် အဲဒီအချိန်လေးမှာ ကျွန်တော် စိတ်ပြောင်းသွားမှာကိုပဲ...နောက်တော့ ကျွန်တော် Jane ဆီရောက်တယ်... အပေါ်ထပ်ကို ပြေးတက်သွားတော့ Jane က တံခါးလာဖွင့်ပေးတယ်... ကျွန်တော် Jane ကို "ဝမ်းနည်းပါတယ် Jane ရယ်... ကိုယ် ကိုယ့်ဇနီးနဲ့ ကွာရှင်းပြတ်ဆဲဖို့ ဆက်မလုပ်တော့ဘူး..." လို့ ပြောလိုက်တယ်...
Jane က ကျွန်တော့်ကို ထူးဆန်းသလို ကြည့်ပြီး ကျွန်တော့် နဖူးကို လာစမ်းပြီးမေးတယ်... "ရှင်နေမကောင်းဘူးလား?? "... ကျွန်တော် Jane ရဲ့လက်ကို ဆွဲဖယ်ပြီး ထပ်ပြောလိုက်တယ်... "ဝမ်းနည်းပါတယ် Jane ... ကိုယ် ကိုယ့်ဇနီးနဲ့ မကွာရှင်းချင်တော့ဘူး... ကိုယ့်ဇနီးနဲ့ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးဟာ ကိုယ်တို့ ၂ယောက်လုံးက ကိုယ်တို့ရဲ့ အိမ်ထောင်မှုဘဝကို တန်ဖိုးမထားမိခဲ့လို့ ပျင်းရိစရာကောင်းနေခဲ့တာ ဖြစ်ပါလိမ့်မယ်... ကိုယ်တို့ တစ်ဦးကိုတစ်ဦး မချစ်မနှစ်သက်လို့ မဟုတ်ဘူး... ကိုယ် ကိုယ့်ဇနီးကို မင်္ဂလာဦးနေ့က မင်္ဂလာခန်းဆောင်ထဲကို ပွေ့ချီခေါ်ဆောင်ကတည်းက ကိုယ်ဟာ သူမကို ကိုယ်တို့သေဆုံးခွဲခွာရချိန်အထိ ပွေ့ချီပေးဖို့ ဖြစ်လာခဲ့တယ်ဆိုတာ အခုတော့ ကိုယ်သိခဲ့ပြီ..."
Jane ဟာ ရုတ်တရက် အိပ်မက်ကနေ လန့်နိုးသလိုပုံ ဖြစ်သွားတယ်... နောက်တော့ သူမဟာ ပြင်းထန်တဲ့ လက်ဝါးတစ်ချက်နဲ့ ကျွန်တော့်ပါးကို ရိုက်ပြီးနောက် တံခါးကိုဆောင့်ပိတ်လိုက်ပြီး ငိုကြွေးနေတော့တယ်... ကျွန်တော်ကတော့ အောက်ထပ်ကို ပြန်ဆင်းပြီး ကားမောင်းထွက်လာခဲ့တယ်...
လမ်းမှာ ပန်းရောင်းတဲ့ဆိုင်ကိုတွေ့တော့ ကျွန်တော် ကျွန်တော့်ဇနီးအတွက် ပန်းတစ်စည်း မှာယူလိုက်တယ်... အရောင်းသမလေးက ပန်းစည်းရဲ့ ကဒ်မှာ ဘယ်လိုရေးပေးရမလဲ မေးလာတော့ကျွန်တော် ပြုံးလိုက်ပြီး
"ကိုယ်လေ သေမင်းကကိုယ်တို့ကို ခွဲခွာစေတဲ့ အချိန်အထိ မင်းကို မနက်တိုင်းမနက်တိုင်းမှာ အိပ်ခန်းအပြင်ဘက်ကို ပွေ့ချီပြီးပို့ပေးမယ်..." လို့ရေးလိုက်တယ်...
အဲဒီညနေ ကျွန်တော် အိမ်ပြန်ရောက်တော့ လက်ထဲမှာ ပန်းစည်းကိုကိုင်ပြီး ပြုံးရွှင်စွာနဲ့ ကျွန်တော် အပေါ်ထပ်ကို တက်သွားခဲ့တယ်... ဒါပေမယ့် ကျွန်တော့်ကို စောင့်ကြိုနေတာကတော့ အေးချမ်းစွာနဲ့ အသက်မဲ့နေတဲ့ ကျွန်တော့် ဇနီးသည်ရဲ့ အလောင်းပါပဲ... ကျွန်တော့် ဇနီးဟာ ကင်ဆာရောဂါ ရဲ့ နှိပ်စက်မှုဒဏ်ကို လပေါင်းများစွာ ရင်ဆိုင်နေခဲ့ရပြီး ကျွန်တော်ကတော့ Jane အတွက် အလုပ်ရှုပ်နေတာခဲ့ကြောင့် သူမရဲ့ အခြေအနေတွေကို ဂရုမပြုမိနိုင်အောင်ကို ဖြစ်နေခဲ့တာလေ... သူမဟာ သူမသေဆုံးတော့မယ်ဆိုတာကို ကြိုတင် သိနေခဲ့ပြီး သူမသေဆုံးချိန်အထိ ကျွန်တော့်ကို ဆိုးသွမ်းတဲ့ ဖခင်တစ်ယောက်အဖြစ် သားအမြင်မှာ မမြင်သွားရလေအောင် ကာကွယ်ပေးသွားခဲ့တယ်... ကျွန်တော်ရဲ့ကွာရှင်းလိုမှုစိတ်ကြောင့် ကျွန်တော် လုပ်ခဲ့သမျှတွေအရ ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပေမယ့် သူမရဲ့ ကြိုးစားမှုကြောင့် ကျွန်တော်ဟာ အနည်းဆုံး သားရဲ့ စိတ်ထဲမှာတော့ ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့ရပါတယ်...
----------------------------------xxxxx-------------------------------
ကျွန်တော်တို့ဘဝတွေရဲ့ အသေးအမွှား ကိစ္စလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်ကြင်နာကြစေဖို့အတွက် အရေးပါအရာရောက်တာမျိုး ဖြစ်နေတတ်ပါတယ်...အဲဒါတွေက ကားမဟုတ်၊ ပိုင်ဆိုင်မှုတွေ မဟုတ်သလို ဘဏ်မှာ အပ်နှံထားတဲ့ ငွေကြေးတွေလည်း မဟုတ်ပါဘူး... ဒီအရာတွေဟာ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေဖို့ ထောက်ကူပံ့ပိုးပေးနိုင်တဲ့ အရာတွေသာဖြစ်ပြီး တကယ့်ပျော်ရွှင်မှုအစစ်ကိုတော့ မပေးစွမ်းနိုင်ပါဘူး... ဒါကြောင့် ကိုယ့်ရဲ့ ခင်ပွန်းသည်၊ ဇနီးသည်ရဲ့ အနားမှာ အဖော်ပြုပေးဖို့ အချိန်ပေးပါ... တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ချစ်ခင်ကြင်နာမှု တိုးစေမယ့် အသေးအမွှားကိစ္စလေးတွေ မျှဝေခံစားကြည့်ပါ...
ဒီလို မျှဝေ ခံစားမှု မပြုလုပ်လို့တော့ ဘာမှမဖြစ်ပါဘူး... ဒါပေမယ့် ဒီလိုမျှဝေခံစားမှုဟာ အိမ်ထောင်ရေးကို ပိုမို ပျော်ရွှင်စေပြီး တည်မြဲစေနိုင်ပါတယ်... ဒီလိုမျှဝေခံစားရင်း ပျော်ရွှင်တဲ့ အိမ်ထောင်မှုဘဝ၊ ချမ်းမြေ့သာယာတဲ့ လက်ထပ်ထိမ်းမြားမှု ကို ပိုင်ဆိုင်နိုင်ကြပါစေ...
Transalated by Dr. Kyaw Swar Thet on (25.8.2010- 2:32 am)
PS: : သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ Justin Jones-Fosu ရေးတဲ့ MARRIAGE အမည်ရ ဝတ္ထုတိုကို ကြိုက်လို့ ဆီလျှော်အောင် ဘာသာပြန်ပြီး မျှဝေတာပါ... အဆင်မပြေတာရှိရင် ကျွန်တော် ဘာသာပြန်မှု ညံ့ဖျင်းလို့သာဖြစ်ပါကြောင်း...