Thursday, May 7, 2009

ဝက်တုတ်ကွေး (Swine Flu) အကြောင်းသိကောင်းစရာများ

၀က်တုတ်ကွေး(Swine Flu)

ဝက်တုတ်ကွေးရောဂါဖြစ်စေတဲ့ H1N1ဗိုင်းရပ်စ်(Virus)ဟာ ပုံမှန်အားဖြင့် ဝက်တွေမှာသာဖြစ်ပွားနိုင်ပြီး လူတွေမှာဖြစ်ပွားနိုင်မှုနည်းပါတယ်။ ဒါပေမယ့် အခုဖြစ်ပွားနေတဲ့ ဝက်တုတ်ကွေး ဗိုင်းရပ်စ်ပိုးကတော့ ဒီဝက်တွေမှာဖြစ်နေကျဗိုင်းရပ်စ်ပိုးကနေ မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲမှု(Mutation) ကြောင့်ဖြစ်ပေါ်လာတယ်လို့ ယူဆကြပါတယ်။

ဝက်တုတ်ကွေးရောဂါဖြစ်လျှင်တွေ့နိုင်သော ရောဂါလက္ခဏာများ

ဝက်တုတ်ကွေးရောဂါဖြစ်လာပြီဆိုရင်တွေ့ရမယ့်လက္ခဏာတွေကတော့ သာမန်တုတ်ကွေးမှာဖြစ်တတ်တဲ့ လက္ခဏာတွေဖြစ်တဲ့
- လည်ချောင်းနာခြင်း
- ချမ်းတုန်၍ဖျားခြင်း
- ကိုယ်လက်မအီမသာဖြစ်၍ ကိုက်ခဲခြင်း
- ချောင်းဆိုးခြင်း
- ခေါင်းကိုက်ခြင်း စတာတွေဖြစ်ပေါ်နိုင်ပါတယ်။

လက်ရှိကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ဝက်တုတ်ကွေးရောဂါခံစားရသူအများစုဟာ ရောဂါလက္ခဏာသိသိသာသာမပြပဲ၊ Anti-Viral ဆေးလုံးဝသောက်စရာမလိုပဲ လုံးဝပျောက်ကင်းကြတာများတယ်လို့လည်း သိရပါတယ်။

ကြောက်စရာကောင်းတဲ့အချက်အနေတွေကတော့
- လက်ရှိအချိန်မှာ ဒီရောဂါအတွက်ကာကွယ်ဆေး မရှိသေးတာ
- လူတစ်ဦးနဲ့တစ်ဦးကူးစက်ဖို့အလွန်လွယ်ကူတာ (လေမှတဆင့်ပျံ့နှံ့ခြင်းကြောင့်)
- ရောဂါအကြောင်းသေချာစွာမသိသေးတာ
- ငယ်ရွယ်ပြီးကိုယ်ခံအားကောင်းသူတွေကိုပါ သေစေနိုင်တာ စသည်တို့ပဲဖြစ်ပါတယ်။

အောက်မှာဖော်ပြပေးထားတဲ့ ဟာတွေကတော့ WHO(world health organization) ကမကြာမီက ထုတ်ပြန်ထားတဲ့ အချက်အချို့ပဲဖြစ်ပါတယ်။

- ကိုယ့်ဘေးနားမှာထိုင်နေတဲ့သူမှာ ဝက်တုတ်ကွေးဖြစ်နေတယ်လို့ သိနိုင်မလား?
မသိနိုင်ပါဘူး။ တကယ်လို့အပေါ်မှာ ပြောပြခဲ့တဲ့ရောဂါလက္ခဏာအချို့ကို ကိုယ့်အနီးနားကလူမှာတွေ့ခဲ့ရရင်တော့ သူနဲ့အနည်းဆုံး ၆ပေအကွာခန့်မှာနေသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းဖြစ်ရင် ထွက်လာတဲ့ ဗိုင်းရပ်စ်ပါဝင်နေနိုင်တဲ့ တံတွေးစက်အမှုန်အမွားလေးတွေ ဟာ ဒီလောက်အကွာအဝေးကိုရောက်ရှိ ကူးစက်နိုင်လို့ပါပဲ။

- ဆရာဝန်တဲ့စွတ်တဲ့ မျက်နှာဖုံးမျိုးတပ်ထားသင့်လား?
သာမန်အားဖြင့် ကိုယ်မှာဒီလိုရောဂါလက္ခဏာတွေမရှိဘူးဆိုရင်၊ ဒါမှမဟုတ်ကိုယ့်အနီးနားမှာ ရောဂါရှိတယ်လို့သံသယဖြစ်ရသူမရှိရင် ဒီလိုမျက်နှာဖုံးတပ်ထားစရာ မလိုပါဘူး။ ဒါပေမယ့် လူတွေအများကြီးရှိတဲ့နေရာမျိုးကိုသွားမယ်ဆိုရင်တော့ တပ်ထားသင့်ပါတယ်။

- ဝက်တုတ်ကွေးရောဂါကိုကာကွယ်နိုင်တဲ့ဆေးရှိပြီလား?
မရှိသေးပါ။ ဒီဆေးကိုထုတ်လုပ်နိုင်ဖို့ လချီပြီးကြာနိုင်ပါတယ်။ (ယခုအချိန်မှာတော့ ရှိနေပြီလို့သိရပါတယ်)

- ဒီရောဂါကိုဖြစ်ပွားမှုကို ရှောင်ရှားနိုင်မယ့်အကောင်းဆုံးနည်းလမ်းက ဘာပါလဲ?
ယခုအချိန်မှာ ဖျားနာနေသူ၊ ချောင်းဆိုးနေသူတွေနဲ့ အတတ်နိုင်ဆုံးဝေးဝေးနေပါ။ လက်ကိုဆပ်ပြာနဲ့ ခဏခဏဆေးပေးပါ။
(မှတ်ချက်။ ။ ဒီလိုလက်ခဏခဏ ဆေးတာဟာ ဝက်တုတ်ကွေးဖြစ်ပွားမှုကိုလျှော့ချနိုင်တယ်လို့ သက်သေမပြနိုင်သေးပေမယ့် လေကနေတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပွားမှုကိုတော့ လျော့ကျစေနိုင်ပါတယ်။)

- ဝက်သားစားရင် ဒီရောဂါရဲ့အန္တရာယ်ရှိနိုင်လား?
မရှိပါဘူး။ လူတစ်ဦးနဲ့တစ်ဦး ဒီရောဂါကူးစက်ပျံ့ပွားမှုဟာ ရောဂါပိုးရှိတဲ့နေရာတွေကိုထိတွေ့ခြင်း ဒါမှမဟုတ် ရောဂါပိုးရှိသူနှာချေ၊ ချောင်းဆိုးရာမှထွက်ပေါ်လာသော လေကိုရှူရှိုက်မိခြင်း စသည်တို့မှသာကူးစက်နိုင်ပါတယ်။ ဝက်သားစားလို့ ဒီရောဂါမကူးစက်နိုင်ပါဘူး။

- ကိုယ်ကိုတိုင် ဒါမှမဟုတ် ကိုယ့်မိသားစုဝင်ထဲမှာ သံသယဖြစ်ဖွယ်ဖျားနာတဲ့သူရှိရင် ဘာလုပ်ရမလဲ?
ဆရာဝန်သွားပြလိုက်ရင် အကောင်းဆုံးပါပဲ။ ဒီလိုသွားပြလိုက်လို့မမှားနိုင်ပါဘူး။
ဒီလို လေမှတဆင့်ပျံ့နံှ့နိုင်တဲ့ရောဂါတစ်ခုခု ဖြစ်ပေါ်လာရင် အလုပ်၊ ကျောင်းစသည်တို့ကိုမသွားသင့်ပါဘူး။ ခရီးမထွက်သင့်ပါဘူး။ လူထူထပ်သောနေရာများကိုရှောင်ရှားသင့်ပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ မက်ဆီကိုလိုနေရာမျိုးကိုမသွားတဲ့သူမျိုးတွေမှာ ဒီလိုရောဂါအန ္ထရာယ်သိပ်မရှိပါဘူး။

- ရောဂါကုသနိုင်တဲ့ဆေးတွေရှိရဲ့လား?
ခုချိန်ထိဓါတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးမှုအရတော့ Tamiflu (oseltamivir) နဲ့ Relenza (zanamivir) ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ ပိုမိုထိရောက်ဖို့အတွက်ကတော့ ရောဂါဖြစ်ဖြစ်ချင်းစသောက်ရင်အကောင်းဆုံးပါပဲ။ ဒါကြောင့် ရောဂါသံသယဖြစ်ရင်ဆရာဝန်ဆီအမြန်ဆုံးသွားတာ အကောင်းဆုံးပါပဲ။

ဒါကတော့ WHO ကထုတ်ပြန်ပေးထားတဲ့ အချက်အလက်တွေပါ။ မရှင်းလင်းတာ သိလိုတာများရှိခဲ့ရင် မေးမြန်းနိုင်ပါတယ်။


အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

Written by LeoDoctor ( on 30.4.2009- at 1:00am)

No comments:

Post a Comment