Wednesday, August 25, 2010

ထိမ်းမြားလက်ထပ်ခြင်း The Marriage

        အဲဒီနေ့ညက ကျွန်တော် အိမ်ကိုပြန်ရောက်တဲ့ အချိန်မှာ ကျွန်တော့်ဇနီးက ညစာပြင်ဆင်ပြီး အသင့်စောင့်ကြိုလို့ နေတယ်.. ကျွန်တော် သူမလက်ကို ကိုင်ပြီး သူမကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမဟာ ညစာစားပွဲမှာ ငြိမ်သက်စွာ ထိုင်လိုက်ပြီး ညစာကိုစားနေပေမယ့် သူမရဲ့ မျက်လုံးအိမ်ထဲမှာ နာကျင်ခံစားနေရမှုတွေကို ကျွန်တော် တွေ့ရှိနေရတယ်... ရုတ်တရက် သူမကို ဘယ်လို ပြောရမယ်ဆိုတာတောင် ကျွန်တော် မသိဘူးဖြစ်သွားတယ်.. ဒါပေမယ့် သူမကို ကျွန်တော့်စိတ်ထဲက အတွေးကို ပြောမှဖြစ်မယ်... သူမနဲ့ ကျွန်တော် ကွာရှင်းလိုတဲ့ အကြောင်းကိုပေါ့... အေးအေးဆေးဆေးလေးပဲ သူမကို ကျွန်တော် ကွာရှင်းလိုတဲ့အကြောင်းကို ပြောလိုက်တယ်...

        သူမဟာ ကျွန်တော့်စကားကြောင့် ထူးခြားပြီး တုန်လှုပ်မှု မရှိခဲ့ဘူး... အဲဒီအစား သူမက ဖြေးဖြေးလေး မေးခွန်းပြန်ထုတ်ခဲ့တာက
"ဘာကြောင့်လဲ ?? " တဲ့... ကျွန်တော် သူမရဲ့ မေးခွန်းကို ဖြေဖို့ ရှောင်လွဲခဲ့တယ်... အဲဒီလို ရှောင်လွဲနေတာဟာ သူမရဲ့ တည်ငြိမ်နေတဲ့ စိတ်ကို ပေါက်ကွဲစေတယ် ထင်ပါတယ်... သူမဟာ ညစာစားနေတဲ့ တူကိုပစ်ပေါက်လိုက်ပြီး ကျွန်တော့်ကို
"ရှင်.. ယောကျာ်းမပီသဘူး၊ လူမဆန်ဘူး!! " လို့ အော်ပြောခဲ့တယ်...အဲဒီညက ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် စကားဆက်မပြောဖြစ်ကြတော့ဘူး... သူမဟာ တစ်ညလုံး ရှိုက်ငိုနေခဲ့တယ်... သူမဟာ ကျွန်တော်တို့ရဲ့ ထိမ်းမြားမှုကို ပြတ်တောက်စေရတဲ့ အကြောင်းရင်းကို သိချင်နေမှန်း ကျွန်တော် ရိပ်စားမိခဲ့တယ်...ဒါပေမဲ့  သူမအတွက် စိတ်ကျေနပ်လောက်စရာ အဖြေ ကျွန်တော့်မှာ ရှိမနေခဲ့ဘူး.. သူမဆီမှာထားခဲ့တဲ့ ကျွန်တော့် အချစ်တွေကို Jane ဆီမှာ ကျွန်တော် အပ်နှံလိုက်ပြီ... ကျွန်တော် သူမကို မချစ်နိုင်တော့ဘူး... ကျွန်တော် သူမကို သနားတာပဲ ရှိတော့တယ်လေ...

        အပြစ်ရှိတဲ့ သူတစ်ယောက်လို နက်နဲစွာ ခံစားရင်းနဲ့ပဲ ကျွန်တော် သူမကို ကွာရှင်းစာချုပ် ထုတ်ပေးခဲ့တယ်.. အဲဒီထဲမှာ သူမကို ကျွန်တော်တို့ လက်ရှိနေအိမ်၊ ကား နဲ့ ကုမ္ပဏီရဲ့ ၃၀% ကို လွဲပြောင်းပေးတဲ့ အချက်တွေပါ ပါရှိခဲ့တယ်... သူမကတော့ အဲဒါတွေကို တစ်ချက်ပဲ ကြည့်ပြီး အားလုံးကို တစ်စစီဖြစ်အောင် ဆွဲဖြဲလိုက်တော့တယ်... ပြောရရင် သူမဘဝရဲ့ ၁၀ နှစ်ကျော်ကြာအချိန်ကို ကျွန်တော်နဲ့အတူ ပေါင်းသင်းနေထိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ဟာ ကျွန်တော်နဲ့ သူစိမ်းတွေလို ဖြစ်သွားတယ်...သူမရဲ့ အချိန်တွေ၊ ခွန်အားတွေကို ကျွန်တော့်အတွက် ပေးဆပ်ခဲ့တဲ့ သူမအတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိခဲ့ပါတယ်... ဒါပေမယ့် ကျွန်တော် နောက်ပြန်မလှည့်ချင်တော့ဘူး... ကျွန်တော် Jane ကို အင်မတန် ချစ်မြတ်နိုးမိနေပြီ... နောက်ဆုံးမှာ ကျွန်တော် မျှော်လင့်ထားသလိုပဲ သူမဟာ ကျွန်တော့်ရှေ့မှာ ပြင်းပြင်းထန်ထန် ငိုကြွေးနေခဲ့တယ်... သူမဒီလိုငိုကြွေးလိုက်တာဟာ ကျွန်တော့်အတွက်တော့ စိတ်ထွက်ပေါက် တစ်မျိုးပါပဲ...ကွာရှင်းဖို့ အတွေးတွေနဲ့ ရက်သတ္တပတ်ပေါင်းများစွာကို ဝေဝါးစွာ ဖြတ်ကျော်ခဲ့တဲ့ ကျွန်တော့်အတွက် ပီပီပြင်ပြင်နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့ပြီနဲ့ တူပါတယ်...

        နောက်တစ်နေ့ ကျွန်တော် ညဉ့်နက်မှ အိမ်ကိုပြန်ရောက်တော့ သူမကို စားပွဲခုံမှာ တစ်ခုခုရေးနေလျှက်နဲ့ တွေ့ရတယ်... ဒါပေမယ့် ကျွန်တော် သူမဘာရေးလဲဆိုတာ စပ်စုဖု့ိ ကျွန်တော့်မှာ အားအင်မရှိတော့ဘူး... Jane နဲ့အတူ ပျော်စရာ နေ့ရက်တစ်ခုကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ကျွန်တော် အလွန်ပင်ပန်းနွမ်းနယ်နေလို့ တစ်ခါတည်း အပေါ်ကိုတက်ပြီး အိပ်စက်ဖို့သာ အာရုံရှိနေခဲ့တယ်... ကျွန်တော် တရေးနိုးတော့လည်း သူမဟာ စားပွဲမှာ ထိုင်ပြီး စာရေးနေလျှက်ပဲ...ဒါပေမယ့် ကျွန်တော် ဂရုမစိုက်တော့ဘဲ တစ်ဘက်ကိုလှည့်ပြီး ဆက်အိပ်ပျော်သွားခဲ့တယ်...

        နောက်နေ့ မနက်ရောက်တော့ သူမဟာ မကွာရှင်းမီမှာ သူမတောင်းဆိုလိုတာတွေကို ကျွန်တော့်ကို ပြောပြခဲ့တယ်... သူမဟာ ကျွန်တော့်ဆီက ပစ္စည်းဥစ္စာ ဘာတစ်ခုမှ မတောင်းဆိုခဲ့ဘူး... သူမ တောင်းဆိုတဲ့ အရာကတော့ ကွာရှင်းဖို့ကိစ္စကို တစ်လနောက်ရွှေ့ဖို့ပဲ...အဲဒီ တစ်လအတွင်းမှာ သူမနဲ့ကျွန်တော် ဘာမှမဖြစ်သလို ပုံမှန်နေထိုင်ပေးသွားဖို့ တောင်းဆိုခဲ့တယ်... သူမရဲ့ အကြောင်းပြချက်က အလွန်ရိုးရှင်းပါတယ်... ကျွန်တော်တို့ရဲ့ သားလေးဟာ လာမယ့် တစ်လအတွင်းမှာ စာမေးပွဲ ဖြေဆိုဖို့ ရှိနေတယ်... ကျွန်တော်တို့ရဲ့ ကွာရှင်းမှုကိစ္စကြောင့် ကလေးကို ထိခိုက်မှု မရှိစေချင်တဲ့ အတွက်ပဲဖြစ်တယ်...

        ဒီတောင်းဆိုချက်ဟာ ကျွန်တော့်အဖို့ လိုက်လျောနိုင်တဲ့ တောင်းဆိုမှုဖြစ်တယ်... ဒါပေမယ့် သူမဟာ နောက်ထပ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့တယ်... သူမက ကျွန်တော့်ကိုမေးတယ်.. ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာခန်းဝင်တော့ သူမကို ကျွန်တော် ဘယ်လိုပွေ့ချီ ခေါ်ဆောင်သွားတယ်ဆိုတာ မှတ်မိလားတဲ့... အဲဒီလိုမျိုးပဲ ဒီမကွာရှင်းမီ တစ်လလုံးမှာ နေ့တိုင်းနေ့တိုင်း သူမကို ကျွန်တော်တို့အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးအထိ ရောက်အောင် ပွေ့ချီပို့ပေးဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်... ကျွန်တော့်စိတ်ထဲမှာ သူမကို ရူးသွားပြီလားလို့တောင် တွေးမိသွားတယ်...ဒါပေမယ့် ကျွန်တော်တို့ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အဆင်ပြေပြေဖြစ်ချင်တာကြောင့် သူမရဲ့ထူးဆန်းတဲ့ တောင်းဆိုမှုကို သည်းခံပြီး ကျွန်တော် လိုက်လျောခဲ့တယ်...

        ကျွန်တော်နဲ့ ကျွန်တော့်ဇနီးသည်တို့ ကွာရှင်းတော့မယ့် အကြောင်းနဲ့ သူမရဲ့ တောင်းဆိုမှုတွေကို Jane ကိုပြောပြတော့ Jane က ဟားတိုက်ရယ်မောပြီး အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့သေးတယ်... သူမအနေနဲ့ ဘယ်လိုလှည့်ဖြားမှုတွေ လုပ်လုပ် တစ်နေ့မှာ ကျွန်တော်နဲ့ကွာရှင်းပေးရမှာပဲလို့ Jane က အထင်သေးစွာ ပြောခဲ့တယ်...

        ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ ကွာရှင်းဖို့ကိစ္စအတွက် ကျွန်တော် ကြိုးစားနေမှုကို ထင်ရှားစွာ ပြသခဲ့တဲ့ အချိန်ကစပြီး ခန္ဓာကိုယ်ချင်း ထိတွေ့မှု လုံးဝမရှိခဲ့ကြဘူး... ဒါကြောင့် ပထမဆုံးနေ့မှာ ကျွန်တော်သူမကို ပွေ့ချီတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ရှက်ရွံ့အားနာနေကြတယ်... ကျွန်တော်တို့ရဲ့ သားလေးဟာ နောက်ကနေ
"ဟေးး...ဖေဖေကြီးက မေမေကြီးကို ပွေ့ချီလာတယ်ကွ..." လို့ လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်တယ်... သားရဲ့ စကားဟာ ကျွန်တော့်ကို နာကျင်မှုတစ်မျိုးကို ပေးစွမ်းခဲ့တယ်... ကျွန်တော်တို့အိပ်ခန်းကနေ ဧည့်ခန်း ကိုဖြတ်ပြီး တံခါးဝအထိ စုစုပေါင်း ၁၀ မီတာကျော်လောက်ကို ကျွန်တော် သူမကိုပွေ့ချီပြီး လျှောက်ခဲ့ရတယ်... သူမကတော့ မျက်လွှာနှစ်ဘက်လုံးကို ချထားပြီး ကျွန်တော့်ကို တိုးတိုးလေး ပြောတယ်.. ကျွန်တော်တို့ ကွာရှင်းဖို့ကိစ္စကို ကလေးကို အသိမပေးဖို့ပေါ့... ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်းသွားပြီး ကျွန်တော် ခေါင်းငြိမ့်ပြခဲ့တယ်... ကျွန်တော်သူမကို တံခါးအပြင်ဘက်မှ ချပေးလိုက်တော့ သူမဟာ အလုပ်သွားဖို့ ဘတ်စ်ကားဂိတ်ဆီကို ထွက်ခွာသွားခဲ့တယ်... ကျွန်တော်လည်း ကျွန်တော့်ရုံခန်းဆီကို တစ်ယောက်တည်း ကားမောင်းထွက်သွားခဲ့တယ်...

        ဒုတိယနေ့မှာတော့ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် ဒီလို ပွေ့ချီပြီး ပို့ဆောင်မှုဟာ ပိုမိုလွယ်ကူလာခဲ့တယ်... သူမဟာ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်မှာ ခေါင်းလေးကို မှီပြီး လိုက်ပါလာခဲ့တယ်... သူမရဲ့ အင်္ကျီက ရေမွှေးရနံ့ကိုတောင် ကျွန်တော် ရှူရှိုက်မိခဲ့တယ်...အဲဒီအချိန်ရောက်မှ ကျွန်တော် ဇနီးသည်ကို သေချာဂရုစိုက်ပြီး မကြည့်မိတာ သတိထားမိတယ်... သူမဟာ နုပျိုငယ်ရွယ်မှု မရှိတော့ဘူး... သူမရဲ့ မျက်နှာမှာ အရေးအကြောင်းလေးတွေ တွေ့နေပြီ၊ သူမရဲ့ ဆံပင်တွေ မီးခိုးရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီ... ကျွန်တော်တို့ရဲ့ ထိမ်းမြားလက်ထပ်မှုဟာ သူမကို ဒီလိုပြောင်းလဲစေခဲ့သလား?? ကျွန်တော် တစ်မိနစ်လောက်အတွင်းမှာ ပြီးခဲ့တဲ့ ကာလတွေတုန်းက သူမအပေါ် ကျွန်တော် ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာတွေ ပြန်တွေးနေမိတယ်...

        စတုတ္ထမြောက်နေ့မှာ သူမကို ကျွန်တော်ပွေ့ချီတော့ ကျွန်တော်တို့ကြားမှာ ရင်းနှီးချစ်ကြည်မှုတွေ ပြန်ရောက်လာပြီလို့ ကျွန်တော်ခံစားရတယ်... သြော် .. ဒါဟာ သူမဘဝရဲ့ ၁၀ နှစ်ကျော်ဆိုတဲ့ အချိန်တွေကို ကျွန်တော့်အတွက် ပေးဆပ်ခဲ့တဲ့ မိန်းမတစ်ယောက်ပါလား !!

        ငါးရက်မြောက်နေ့၊ ခြောက်ရက်မြောက်နေ့တွေမှာ ကျွန်တော်တို့ကြားက ချစ်ကြည်ရင်းနီးမှုတွေ တိုးပွားလာသလိုပဲ... ဒီအကြောင်းတွေကို ကျွန်တော် Jane ကို ပြန်မပြောပြဖြစ်ခဲ့ဘူး... ဒီတစ်လအတွင်းမှာ သူမကို ပွေ့ချီရတာ လွယ်သထက် လွယ်ကူလာခဲ့တယ်... ကြည့်ရတာ နေ့စဉ်ဒီလို ချီပိုးမှုဟာ ကျွန်တော့်ကို သန်မာလာစေတယ်နဲ့ တူတယ်...

        တစ်ရက်မှာတော့ သူမဟာ ဗီရိုထဲကနေ အဝတ်တွေ တစ်စုံပြီးတစ်စုံ စမ်းဝတ်ကြည့်နေတယ်... နောက်တော့ သက်ပြင်းချပြီး
"ကျွန်မရဲ့ အဝတ်တွေအားလုံး ကျွန်မနဲ့ မတော်တော့ဘူး.. ကြီးကုန်ပြီ..." လို့ ညည်းတွားလိုက်တယ်... ဒီတော့မှ ကျွန်တော် သတိပြုမိတယ်... သူမ အတော်ကိုပဲ ပိန်သွားခဲ့ပြီ... ဒါကြောင့် ကျွန်တော် သူမကို ပွေ့ချီရတာ တစ်နေ့ထက်တစ်နေ့ လွယ်ကူလာခဲ့တာကိုး... ရုတ်တရက် သူမရဲ့ နာကျင်ခါးသီးစရာ အခြေအနေတွေကို ကျွန်တော် ခံစားမိလိုက်တယ်... ဒါကြောင့် သူမအနားကိုသွားပြီး သူမရဲ့ခေါင်းလေးကို သွားပုတ်ပေးလိုက်တယ်...

        အဲဒီအချိန်မှာပဲ ကျွန်တော်တို့သားလေး ရောက်လာပြီး
"ဖေဖေကြီး၊ မေမေ့ကို ပွေ့ချီဖို့ အချိန်ရောက်ပြီ.." တဲ့လေ... သားလေးအတွက်တော့ သူ့အဖေကသူ့အမေကို ပွေ့ချီတာဟာ သူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ ထင်ပါတယ်... ကျွန်တော့် ဇနီးက သားကို အနားလာဖို့ လက်ယပ်ခေါ်လိုက်ပြီး ခပ်တင်းတင်း ပွေ့ဖက်လိုက်ပါတယ်... ကျွန်တော် မျက်နှာချက်ချင်းလွဲထားလိုက်တယ်... ဘာလို့လဲဆိုတော့ အဲဒီမြင်ကွင်းကြောင့် ကျွန်တော့် စိတ်ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားမှာ ကျွန်တော် စိုးရိမ်လို့ပဲ...

        နောက်တော့ သူမကို ကျွန်တော့် ရင်ခွင်ထဲကို ပွေ့ယူပြီး ထုံးစံအတိုင်း အိပ်ခန်းကနေ ဧည့်ခန်းကိုဖြတ်ပြီး တံခါးဝအထိ ချီယူလာခဲ့တယ်... သူမရဲ့ လက်တွေက သဘာဝကျကျ ကျွန်တော့် လည်ပင်းကို ဖျော့ဖျော့လေး သိုင်းဖက်လိုက်ပါလာခဲ့တယ်... ကျွန်တော့်လက်တွေကတော့ သူမကိုယ်ခန္ဓာကို ခပ်တင်းတင်းပွေ့ဖက်ထားမိတယ်... ပြောရရင် ကျွန်တော်တို့ မင်္ဂလာဦးနေ့က အတိုင်းပါပဲ... ဒါပေမယ့် အရင်ကထက် ပိုမိုပေါ့ပါးတဲ့ သူမရဲ့ကိုယ်ခန္ဓာက ကျွန်တော့်စိတ်ကို ထိခိုက်စေခဲ့တယ်...

        တစ်လပြည့်တဲ့ နောက်ဆုံးနေ့ရက်မှာ သူမကို ကျွန်တော် ပွေ့ယူလိုက်ပို့ပေးတော့ ကျွန်တော့်ခြေထောက်တွေက တစ်လှမ်းလှမ်းဖို့တောင် ခက်ခဲနေခဲ့တယ်... အဲဒီအချိန်မှာ သားကတော့ ကျောင်းသွားနေပြီဖြစ်လို့ အိမ်မှာ မရှိနေဘူး...ကျွန်တော် သူမကို တင်းတင်းပွေ့ဖက်ပြီး "ကျွန်တော်တို့ ၂ယောက်ရဲ့ ကမ္ဘာလေးမှာ ရင်းနီးကြင်နာမှုတွေ ပျောက်ဆုံးနေခဲ့တာကို ကိုယ်သတိမပြုမိဘူး..." လို့ ပြောလိုက်တယ်...

        ပြီးတာနဲ့ ကျွန်တော် ကားထဲကို အမြန်ပြေးဝင်ပြီး ချက်ချင်း မောင်းထွက်လာခဲ့တယ်... ကားတံခါးကိုတောင် မပိတ်ဖြစ်ဘူး... ကျွန်တော်စိုးရိမ်တာက ကျန့်ကြာမှု တစ်ခုခုဖြစ်ခဲ့ရင် အဲဒီအချိန်လေးမှာ ကျွန်တော် စိတ်ပြောင်းသွားမှာကိုပဲ...နောက်တော့ ကျွန်တော် Jane ဆီရောက်တယ်... အပေါ်ထပ်ကို ပြေးတက်သွားတော့ Jane က တံခါးလာဖွင့်ပေးတယ်... ကျွန်တော် Jane ကို "ဝမ်းနည်းပါတယ် Jane ရယ်... ကိုယ် ကိုယ့်ဇနီးနဲ့ ကွာရှင်းပြတ်ဆဲဖို့ ဆက်မလုပ်တော့ဘူး..." လို့ ပြောလိုက်တယ်...

        Jane က ကျွန်တော့်ကို ထူးဆန်းသလို ကြည့်ပြီး ကျွန်တော့် နဖူးကို လာစမ်းပြီးမေးတယ်... "ရှင်နေမကောင်းဘူးလား?? "... ကျွန်တော် Jane ရဲ့လက်ကို ဆွဲဖယ်ပြီး ထပ်ပြောလိုက်တယ်... "ဝမ်းနည်းပါတယ် Jane ... ကိုယ် ကိုယ့်ဇနီးနဲ့ မကွာရှင်းချင်တော့ဘူး... ကိုယ့်ဇနီးနဲ့ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးဟာ ကိုယ်တို့ ၂ယောက်လုံးက ကိုယ်တို့ရဲ့ အိမ်ထောင်မှုဘဝကို တန်ဖိုးမထားမိခဲ့လို့ ပျင်းရိစရာကောင်းနေခဲ့တာ ဖြစ်ပါလိမ့်မယ်... ကိုယ်တို့ တစ်ဦးကိုတစ်ဦး မချစ်မနှစ်သက်လို့ မဟုတ်ဘူး... ကိုယ် ကိုယ့်ဇနီးကို မင်္ဂလာဦးနေ့က မင်္ဂလာခန်းဆောင်ထဲကို ပွေ့ချီခေါ်ဆောင်ကတည်းက ကိုယ်ဟာ သူမကို ကိုယ်တို့သေဆုံးခွဲခွာရချိန်အထိ ပွေ့ချီပေးဖို့ ဖြစ်လာခဲ့တယ်ဆိုတာ အခုတော့ ကိုယ်သိခဲ့ပြီ..."

        Jane ဟာ ရုတ်တရက် အိပ်မက်ကနေ လန့်နိုးသလိုပုံ ဖြစ်သွားတယ်... နောက်တော့ သူမဟာ ပြင်းထန်တဲ့ လက်ဝါးတစ်ချက်နဲ့ ကျွန်တော့်ပါးကို ရိုက်ပြီးနောက် တံခါးကိုဆောင့်ပိတ်လိုက်ပြီး ငိုကြွေးနေတော့တယ်... ကျွန်တော်ကတော့ အောက်ထပ်ကို ပြန်ဆင်းပြီး ကားမောင်းထွက်လာခဲ့တယ်...

        လမ်းမှာ ပန်းရောင်းတဲ့ဆိုင်ကိုတွေ့တော့ ကျွန်တော် ကျွန်တော့်ဇနီးအတွက် ပန်းတစ်စည်း မှာယူလိုက်တယ်... အရောင်းသမလေးက ပန်းစည်းရဲ့ ကဒ်မှာ ဘယ်လိုရေးပေးရမလဲ မေးလာတော့ကျွန်တော် ပြုံးလိုက်ပြီး
"ကိုယ်လေ သေမင်းကကိုယ်တို့ကို ခွဲခွာစေတဲ့ အချိန်အထိ မင်းကို မနက်တိုင်းမနက်တိုင်းမှာ အိပ်ခန်းအပြင်ဘက်ကို ပွေ့ချီပြီးပို့ပေးမယ်..." လို့ရေးလိုက်တယ်...

        အဲဒီညနေ ကျွန်တော် အိမ်ပြန်ရောက်တော့ လက်ထဲမှာ ပန်းစည်းကိုကိုင်ပြီး ပြုံးရွှင်စွာနဲ့ ကျွန်တော် အပေါ်ထပ်ကို တက်သွားခဲ့တယ်... ဒါပေမယ့် ကျွန်တော့်ကို စောင့်ကြိုနေတာကတော့ အေးချမ်းစွာနဲ့ အသက်မဲ့နေတဲ့ ကျွန်တော့် ဇနီးသည်ရဲ့ အလောင်းပါပဲ... ကျွန်တော့် ဇနီးဟာ ကင်ဆာရောဂါ ရဲ့ နှိပ်စက်မှုဒဏ်ကို လပေါင်းများစွာ ရင်ဆိုင်နေခဲ့ရပြီး ကျွန်တော်ကတော့ Jane အတွက် အလုပ်ရှုပ်နေတာခဲ့ကြောင့် သူမရဲ့ အခြေအနေတွေကို ဂရုမပြုမိနိုင်အောင်ကို ဖြစ်နေခဲ့တာလေ... သူမဟာ သူမသေဆုံးတော့မယ်ဆိုတာကို ကြိုတင် သိနေခဲ့ပြီး သူမသေဆုံးချိန်အထိ ကျွန်တော့်ကို ဆိုးသွမ်းတဲ့ ဖခင်တစ်ယောက်အဖြစ် သားအမြင်မှာ မမြင်သွားရလေအောင် ကာကွယ်ပေးသွားခဲ့တယ်... ကျွန်တော်ရဲ့ကွာရှင်းလိုမှုစိတ်ကြောင့် ကျွန်တော် လုပ်ခဲ့သမျှတွေအရ ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပေမယ့် သူမရဲ့ ကြိုးစားမှုကြောင့် ကျွန်တော်ဟာ အနည်းဆုံး သားရဲ့ စိတ်ထဲမှာတော့ ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့ရပါတယ်...

----------------------------------xxxxx-------------------------------


ကျွန်တော်တို့ဘဝတွေရဲ့ အသေးအမွှား ကိစ္စလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်ကြင်နာကြစေဖို့အတွက် အရေးပါအရာရောက်တာမျိုး ဖြစ်နေတတ်ပါတယ်...အဲဒါတွေက ကားမဟုတ်၊ ပိုင်ဆိုင်မှုတွေ မဟုတ်သလို ဘဏ်မှာ အပ်နှံထားတဲ့ ငွေကြေးတွေလည်း မဟုတ်ပါဘူး... ဒီအရာတွေဟာ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေဖို့ ထောက်ကူပံ့ပိုးပေးနိုင်တဲ့ အရာတွေသာဖြစ်ပြီး တကယ့်ပျော်ရွှင်မှုအစစ်ကိုတော့ မပေးစွမ်းနိုင်ပါဘူး... ဒါကြောင့် ကိုယ့်ရဲ့ ခင်ပွန်းသည်၊ ဇနီးသည်ရဲ့ အနားမှာ အဖော်ပြုပေးဖို့ အချိန်ပေးပါ... တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ချစ်ခင်ကြင်နာမှု တိုးစေမယ့် အသေးအမွှားကိစ္စလေးတွေ မျှဝေခံစားကြည့်ပါ...

ဒီလို မျှဝေ ခံစားမှု မပြုလုပ်လို့တော့ ဘာမှမဖြစ်ပါဘူး... ဒါပေမယ့် ဒီလိုမျှဝေခံစားမှုဟာ အိမ်ထောင်ရေးကို ပိုမို ပျော်ရွှင်စေပြီး တည်မြဲစေနိုင်ပါတယ်... ဒီလိုမျှဝေခံစားရင်း ပျော်ရွှင်တဲ့ အိမ်ထောင်မှုဘဝ၊ ချမ်းမြေ့သာယာတဲ့ လက်ထပ်ထိမ်းမြားမှု ကို ပိုင်ဆိုင်နိုင်ကြပါစေ...


Transalated by Dr. Kyaw Swar Thet on (25.8.2010- 2:32 am)

PS: : သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ Justin Jones-Fosu ရေးတဲ့ MARRIAGE အမည်ရ ဝတ္ထုတိုကို ကြိုက်လို့ ဆီလျှော်အောင် ဘာသာပြန်ပြီး မျှဝေတာပါ... အဆင်မပြေတာရှိရင် ကျွန်တော် ဘာသာပြန်မှု ညံ့ဖျင်းလို့သာဖြစ်ပါကြောင်း...

Saturday, August 21, 2010

မလိုချင်ဘဲ ကိုယ်ဝန်မရကြစေဖို့.. (သို့) လူငယ်များသိထားသင့်သော ကျန်းမာရေးအကြောင်း...


        မနက်မိုးလင်း အိပ်ယာထသည်နှင့် ထုံးစံအတိုင်း သောက်နေကျ လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ ဒါကျွန်တော့်ရဲ့ မနက်ခင်း ထုံးစံပေပဲ။ လက်ဖက်ရည်သောက်ရင်း ဂျာနယ်လေး၊ သတင်းစာလေးဖတ်ကာ ဗဟုသုတ ရှာဖွေခြင်းဖြင့် မနက်ခင်းအချိန်ကို အသုံးချနေမိသည်။ ထို့နောက် အတန်ကြာ၍ သတင်းစာချလိုက်မိမှ ဘေးဘက်ဝိုင်းတွင် တီးတိုးတီးတိုး သဖန်းပိုးလုပ်နေသည့် ရပ်ကွက်ထဲမှ အောင်ဇော်နှင့် မောင်ကျော် အတွဲကိုတွေ့မိသည်။ သင်းတို့ ၂ ယောက် ပြောဆိုနေပုံက တစ်ခုခုကို မဟုတ်တာ လုပ်ထားသည့် ပုံစံမျိုး။ အောင်ဇော်ကား ရုပ်ရည်လေးမဆိုး၊ ရုပ်ရည်မဆိုးသလို အလွန်ပွေရှုပ်သည်။ ရည်းစားများ ထည်လဲတွဲတတ်သူ။ မောင်ကျော်ကတော့ သူ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်၏။ ၂ ယောက်စလုံး ရိုးသားကြပါသည်။ အလုပ်အကိုင် မယ်မယ်ရရ မရှိ။ သို့သော် ရပ်ကွက် တိုးတက်ရေး၊ လူမှုရေးများတွင် တက်ကြွစွာ ပါဝင်တတ်သူတွေမို့ ဘာပဲဖြစ်ဖြစ် ဒီရပ်ကွက်ထဲမှာ ဒီနှစ်ကောင်ကို ကျွန်တော် ခင်မင်မိသည်။ ထို့ကြောင့် သူတို့ ဘာများတိုင်ပင်နေသနည်းဟု စပ်စုကူညီလိုစိတ်ပေါ်မိသည်။

"ဟေ့ကောင်တွေ ! ဘာတွေ ပြောဆိုတိုင်ပင်နေကြတာလဲကွ... ဟေ".. ပြောပြောဆိုဆို သူတို့ရှိရာဝိုင်းတွင် ဝင်ထိုင်လိုက်ရာ ၂ ဦးသား ခုမှ ပြာယီးပြာယာဖြစ်ကာ ပြောလက်စ စကား ရပ်တန့်သွားတော့သည်။

"ဟ... မင်းတို့က ဘာလဲကွ.. ဘာတွေ မဟုတ်တာတွေ လုပ်ထားကြလဲ ပြောကြစမ်း..."

"ဘာ.. ဘာမှ မလုပ်ပါဘူး.. အစ်ကိုကြီးရ..." အောင်ဇော်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ပြော၏။

"ကဲပါကွာ... မင်းကြောက်မနေနဲ့.. ဘာဖြစ်သလဲပြောပါ.. ငါကူညီနိုင်တာ ရှိရင် ကူညီပေးမယ်...".. ဒီလိုပြောလိုက်တော့ သူတို့ ၂ ဦး တစ်ယောက်မျက်နှာ တစ်ယောက်တိုင်ပင်သလိုကြည့်လိုက်ကြသည်။ ထို့နောက် မောင်ကျော်က-

"ဟေ့ကောင်ရေ... မင်း အစ်ကိုနဲ့ပဲ တိုင်ပင်ပြီး အကူအညီတောင်းကြည့်ပေတော့... မင်းကိစ္စက ပေါ့သေးသေးမဟုတ်ဘူး.. ငါလည်း မကြံတတ်တော့ဘူးကွ.. ".. ဟုဆိုကာ သူကပင်ဆက်၍

"ဒီလို အစ်ကိုရေ... ဒီကောင်လေ .. သူ့ရည်းစားနဲ့ စည်းတွေဘောင်တွေကျော်တော့ အခုဟိုမှာ ကိုယ်ဝန်ရှိနေပြီလေ.. အဲဒါ မကြံတတ်ဖြစ်နေလို့"

"ဟေ.. ဟုတ်လား အောင်ဇော်.. မင်းတို့လူငယ်တွေကွာ... အချိန်မတန်ခင် စောင့်ထိန်းသင့်တာကို မစောင့်ထိန်းတော့ အခုလို ဒုက္ခတွေ ဖြစ်တော့တာပေါ့ကွာ... မင်းအခု ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ... မဟုတ်တဲ့ ဖျက်ချဖို့တို့ဘာတို့တော့ လုံးဝစိတ်မကူးနဲ့နော် ငါဖတ်မှတ်လေ့လာထားသလောက် အဲလိုလုပ်လို့ အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးပဲကွ... အေး... မင်းတောင်းရမ်းလက်ထပ်ဖို့ လိုအပ်ရင်တော့ ငါ့ကိုပြော.. ငါရပ်ကွက်ထဲကနေ အသိသက်သေလူကြီးအနေနဲ့ ကူညီပေးနိုင်တယ်... မင်းအမေကိုလည်း ဖွင့်ပြောလိုက်ပေတော့ ငါ့ကောင်ရေ... ဒီအခြေအနေရောက်မှတော့ ဒီတစ်နည်းပဲ ရှိတော့တယ်ကွ..."

"ဟုတ်ကဲ့ပါ အစ်ကို... ကျွန်တော်လည်း အဲလိုပဲ လုပ်ဖို့ စိတ်ကူးထားပါတယ်.. ခက်တာက အမေ့ကိုဖွင့်မပြောရဲတာရယ်.. ကျွန်တော့်မှာလည်း အလုပ်အကိုင် မယ်မယ်ရရ မရှိသေးတာရယ်ကြောင့်ပါ..."

"အေးလေ.. ဖြစ်လာမှတော့ ဘယ်တတ်နိုင်တော့မလဲ.. နောင်ခါလာ နောင်ခါမှ ရှင်းရတော့မှာပေါ့ကွာ... ငါတို့လည်း ရှိနေတာပဲ... တတ်နိုင်သမျှ မင်းကိုကူညီပေးမှာပါ..."

.....................................................................................

ဟူးးးး... ဒီလိုပြဿနာတွေ ခုခေတ်လူငယ်တွေကြား ဘယ်လောက်တောင်များနေသည် မသိ။ အနောက်တိုင်းဘက်မှ ကူးစက်လာသော အကျင့်တို့ကို မြန်မာလူငယ်တွေ ကျင့်သုံးနေကြသည်မှာ ရင်လေးစရာ။ လက်ဖက်ရည်ဆိုင်မှ အပြန်တွင် စဉ်းစားရင်း လမ်းလျှောက်လာခဲ့သည်။ ဒီလိုနဲ့ ဆရာလီယိုတို့ အိမ်နားရောက်လာခဲ့သည်။ ဆရာ့ဆီမှ ကျန်းမာရေး ဗဟုသုတလေးတွေ မှတ်သားစရာများ ရရှိတတ်သည်။ ယခုလည်း ဆရာ့ကို အိမ်ရှေ့ကုလားထိုင်ပေါ်တွင် စာဖတ်နေသည်ကို မြင်ရသဖြင့် ဘာရယ်မဟုတ် ဆရာ့ အိမ်ထဲ ဝင်ခဲ့မိသည်။

"ဟာ! ကိုကျော်သာပါလား.. လာလေ ထိုင်ပါဦး.. ရေနွေးလေးဘာလေး သောက်သွားပါဦးဗျ..."

"ဟုတ်ကဲ့.. ဆရာ.. ကျွန်တော်လည်း မနက်စောစော လက်ဖက်ရည်ဆိုင်ဘက်က ပြန်လာတာခင်ဗျ.."

"ဪ.. ဟုတ်ကဲ့.."

"အင်း... အဲဒီမှာ အောင်ဇော်တို့ အကြောင်း မကောင်းသတင်းတစ်ခု သိခဲ့ရတယ် ဆရာရေ..."

"ဟုတ်လား.. ဆိုစမ်းပါဦးဗျ.."

"သြော်... ဒီလိုပါဆရာ.. သူနဲ့ သူ့ကောင်မလေးတို့ စည်းကျော်မိကြရာက ကောင်မလေးမှာ ကိုယ်ဝန်ရှိသွားတယ်လေဆရာ.. ဒီကောင်က သူ့အမေနဲ့ သူကိုယ်တိုင်အတွက်တောင် မနည်းရုန်းကန်နေရတာမလားဆရာရဲ့.. အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိသေးတော့... အခု တော်တော်စိတ်ညစ်နေတယ်ထင်ပါရဲ့ဗျာ... ကျွန်တော်ကတော့ လိုအပ်တဲ့ အကူအညီအချို့ပေးပါ့မယ်လို့ ပြောခဲ့သေးတယ်.."

"အင်းဗျာ... ခုခေတ်မှာ အနောက်တိုင်းက ယဉ်ကျေးမှုတွေ ကူးစက်လာမှုရဲ့ နောက်ဆက်တွဲပြဿနာတွေပေါ့ဗျာ.. ရည်းစားဖြစ်နေစဉ်မှာ စောင့်ထိန်းရမယ့် စည်းကို မစောင့်ထိန်းကြတော့ ဒုက္ခတွေ ဖြစ်ကြရတာပေါ့... တကယ်တော့ အဲလို မစောင့်ထိန်းနိုင်ရင်လည်း ကိုယ်ဝန်မရအောင် အကာအကွယ်သုံးတာတို့၊ ရက်တွက်ပြီး ရှောင်ရှားတာတို့ဆိုတဲ့ အခြေခံ ကျန်းမာရေး ဗဟုသုတ မရှိသေးတာလဲ ပါတာပေါ့ဗျာ... ဒီလို ဗဟုသုတတွေ နည်းသေးတော့ အခုလို အရွယ်မတိုင်ခင်၊ မပြည့်စုံခင်အချိန်မှာ အိမ်ထောင်ကျတာတို့၊ မလုပ်သင့်တဲ့ ဖျက်ချတာတွေကို လုပ်မိပြီး အသက်ဆုံးရှုံးရတာတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာရတော့တာပေါ့..."

"ဟုတ်ကဲ့ဆရာ.. အဲဒီ ဗဟုသုတလေးတွေကို အခု မှတ်သားရအောင် ပြောပြပေးပါလားဆရာ... ဆရာ အချိန်ရရင်လေ..."

"သြော် ရပါတယ်ဗျာ... ဒီလိုရှိတယ်ကိုကျော်သာရဲ့... လူငယ်တွေ အနေနဲ့ပေါ့ဗျာ.. ခုဏက ကျွန်တော်ပြောသလို သမီးရည်းစားဖြစ်နေတဲ့ အချိန်လေးမှာ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားပြီး စည်းစောင့်ထိန်းရင်တော့ အကောင်းဆုံးပါပဲ... ဒါပေမယ့် အခုခေတ်မှာ ပတ်ဝန်းကျင် စေ့ဆော်မှုပေါ့... ဒီခေတ်က အင်တာနက်ခေတ်လေ.. ဆက်သွယ်မှု စနစ်အရမ်းလွယ်ကူလာတော့ အနောက်တိုင်းက အလေ့အထတွေဟာ ဒီကိုရောက်ရှိလာတယ်... အတုယူစရာတွေ ရှိသလို အတုမယူသင့်တာတွေ ရှိတယ်... ဒီလို ပတ်ဝန်းကျင် လံှု့ဆော်မှု အကြောင်းတွေ ရှိနေလေတော့ ဒီလို မဖြစ်စေဖို့ လူတိုင်းကို ကျွန်တော်တို့ ပညာပေးဖို့ဆိုတာထက် ရှောင်ရန် ဆောင်ရန်ဆိုတဲ့ ပညာပေးတဲ့ အပိုင်းကို ကျွန်တော်ကတော့ ပိုလုပ်ပေးဖြစ်ပါတယ်... အရင်ဆုံး စည်းကိုကျော်တော့မယ်ဆိုရင် စဉ်းစားသင့်တာက ကိုယ့်အတွက်နဲ့ သူ့အတွက်ပဲဗျ... ဘာကိုဆိုလိုချင်သလဲ ဆိုတော့ ခုခေတ်မှာ ကုရာနတ္ထိဖြစ်နေတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြီးပေါ့... အဲဒီရောဂါ ကူးစက်ပြီဆိုရင် အရင်ဆုံး ထိခိုက်မှာက သူနဲ့ကိုယ် ကိုယ်တိုင်ပဲကိုး.. ဒီတော့ အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ အကာအကွယ် သုံးတဲ့ နည်းကို ကျွန်တော် စပြောချင်ပါတယ်..."

"ဟုတ်ကဲ့... ပြောပါဆရာ.."

"အကာအကွယ်သုံးတယ်ဆိုတာ ကွန်ဒုံး(Condon)သုံးတာကို ပြောတာပါ.. ဒီပစ္စည်းကို သုံးတာဟာ ကိုယ်ဝန်ရတာကို တားဆီးပေးနိုင်သလို၊ HIV လိုမျိုး လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါမှန်သမျှကို ကာကွယ်ပြီးသားဖြစ်လို့ အကောင်းဆုံးနည်းလမ်းပါပဲ... ဒီနည်းလမ်းကို လူငယ်တွေ တော်တော်များများ သိကြပေမယ့် အသုံးပြုသူကျတော့ အနောက်တိုင်းနိုင်ငံတွေလောက် မတွင်ကျယ်သေးတာ တွေ့ရတယ်ဗျ... နောက်ပြီး အသုံးပြုပုံ မမှန်ကန်မှုတွေလည်း ရှိနေတာကို တွေ့ရပါတယ်..."

"ဟုတ်ကဲ့ပါဆရာ..."

"ဒီနေရာမှာ ကြုံကြိုက်လို့ ကြုံတွေ့ဖူးခဲ့တဲ့ ဟာသလေးကို ပြောပြပါဦးမယ်... ရွာတွေဘက်ကို ကျွန်တော်တို့ အဖွဲ့တွေ သွားပြီး ဒီကွန်ဒုံး အသုံးပြုပုံကို ပညာပေးတယ်ဗျာ... ဒီအကာအကွယ် ပစ္စည်းလေးဟာ ရောဂါအတွက်သာမက၊ သားဆက်ခြားတဲ့ နေရာမှာလည်း အရေးပါ အရာရောက်တာကိုးဗျ.. အဲဒီရွာမှာ ကိုဖိုးထောင်နဲ့ ဒေါ်အေးကြည်တု့ိလင်မယား ရှိတယ် ... အင်မတန် ရိုးသားကြပါတယ်.. ဒါပေမယ့် စာပေပညာ မတတ်ကြဘူး.. ရိုးရိုးအေးအေးကြီးတွေပါ.. သူတို့မှာ စီးပွားရေးကလည်း သိပ်အဆင်အပြေကြီး မဟုတ်ဘူး.. ဒါပေမယ့် သားသမီးတွေက တစ်နှစ်တစ်ယောက်နှုန်းနဲ့ မွေးနေပြီး များလွန်းတော့ သားဆက်ခြား ပညာပေးဟောပြောတဲ့အခါ စိတ်ဝင်တစား နားထောင်ရှာပါတယ်... ကျွန်တော်တို့အဖွဲ့ သူတို့အိမ်ကို သွားလည်တော့ ပြန်ကာနီးမှာ ကိုဖိုးထောင်က တိုးတိုးလေး ကျွန်တော်တို့ကို လာမေးတယ်... 'ဆရာရယ်... ကျွန်တော် ဆရာတို့ ဟောပြောတာကို သေချာနားထောင်ပါတယ်.. ဒါပေမယ့် အဲဒီ ကွန်ဒုံးစွပ်ပုံလေးကို ဆရာတို့ ပုံနဲ့သင်တုန်းက ကျွန်တော် ရှက်လို့ သေချာ မကြည့်လိုက်မိဘူး.. ကျွန်တော့်ကို အခု ပြန်ပြောပြပေးပါလားဗျာ' တဲ့... အဲဒီတော့ ကျွန်တော်တို့ အဖွဲ့မှာပါလာတဲ့ ကျန်းမာရေးမှူးလေးက 'လာ ကိုဖိုးထောင်' ဆိုပြီး အနားမှာရှိတဲ့ ဗူးစင်လေးနားက တိုင်လေးတစ်တိုင်မှာ ကွန်ဒုံးစွပ်ပုံစွပ်နည်းကို သေသေချာချာပြသ သင်ကြားပေးလိုက်တယ်.. ကိုဖိုးထောင်လည်း လက်တွေ့မြင်လိုက်ရတော့ မှတ်မိသွားပြီး ဒီလိုဆိုတော့ ဆရာရေ နောင်နှစ်အတွက်တော့ စိတ်အေးရပြီဆိုပြီး ပျော်ရွှင်ပြီး ကျန်ခဲ့ပါတယ်..."

"ဟုတ်ကဲ့ဆရာ... နောက်တော့ ဘာဆက်ဖြစ်သလဲဆရာ.."

"အင်း... ဖြစ်ပုံကတော့ .. နောက်တစ်နှစ် ကျွန်တော်တို့အဖွဲ့ အဲဒီရွာကို ထပ်ရောက်သွားချိန်မှာ ကိုဖိုးထောင်အိမ်ကိုရောက်တော့ ကိုဖိုးထောင်တို့မိသားစုမှာနောက်ထပ် ကလေးတစ်ယောက် တိုးလာတာကို တွေ့ရတော့တာပါပဲဗျာ..."

"ဟာ.. ဘယ်လိုဖြစ်ရတာလဲဆရာရဲ့... ဆရာတို့ သေချာရှင်းပြလို့ သူတောင် နောင်နှစ်စိတ်အေးရမယ်ပြောသေးတယ်ဆိုဗျ..???"

"ဟုတ်ကဲ့... ကျွန်တော်တို့လည်း တော်တော်အံ့သြသွားပါတယ်... ဒါနဲ့ သူ့ကိုသေသေချာချာမေးကြည့်တယ်.. သူက ကွန်ဒုံးစွပ်ပုံစွပ်နည်းကို ကျန်းမာရေးမှူးလေး ပြောသလို သေချာလိုက်နာကြောင်း ပြောပြတယ်.. အဲလိုနဲ့ အကြောင်းအရာကို စဉ်းစားနေကြတုန်း ကျွန်တော် အိမ်ရှေ့ ဗူးစင်ဘေးကို အမှတ်တမဲ့ ကြည့်လိုက်မိတော့ ဗူးစင်က တိုင်လေးမှာ ကွန်ဒုံးကို စွပ်ရက်နဲ့ တွေ့လိုက်ရတယ်လေ... အဲဒါနဲ့ ကျွန်တော်က ကိုဖိုးထောင်ကို အဲဒါက ဘာလုပ်တာလဲလို့ မေးကြည့်လိုက်တော့မှ အဖြေပေါ်တော့တာကိုး... ဘာလုပ်ရမှာလဲဆရာရယ်.. ဆရာတို့ပဲ သေချာပြခဲ့တာလေ.. ကျွန်တော်လေ ဆရာတို့ ပြောသလိုပဲ ကျွန်တော့် မိန်းမနဲ့ အတူနေခါနီးတိုင်း အဲဒီတိုင်လေးမှာ ကွန်ဒုံးသွားသွားစွပ်ပါတယ်.. ဟိုဆရာလေးပြသလိုလည်း သေသေချာချာ စနစ်တကျ လုပ်ပါတယ်တဲ့လေ..."

"ဟားဟားဟား... ဖြစ်ရလေ ဆရာရယ်...."

"အင်းလေ... မြန်မာပြည်က အရှက်အကြောက်ကြီးကြတော့ လိင်မှုနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေမှာ ဒီလို ပြဿနာလေးတွေ တွေ့ရတတ်ပါတယ်... ကဲဗျာ.. ဆိုလိုရင်းကို မရောက်တော့ဘူး ဖြစ်နေတယ်ထင်တယ်... ကျွန်တော် ပြောချင်တာက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတတ်ကြစေဖို့ပဲ..
- ကွန်ဒုံးဝယ်ယူတဲ့အခါ ပေါက်ပြဲမှု ရှိမရှိ သေချာစစ်ဆေးရမယ်..
- ရက်လွန်မလွန်စစ်ဆေးရမယ်...
- ဖောက်တဲ့ အခါမှာ မပေါက်မပြဲအောင် သေချာဂရုပြုရမယ်... သွားတို့ လက်သည်းတို့နဲ့ မဖောက်သင့်ဘူး.. မတော်တဆ အထဲက ကွန်ဒုံးကို ပေါက်ပြဲမှု ဖြစ်သွားစေနိုင်တယ်...
- စွပ်တဲ့အချိန်မှာလည်း ကွန်ဒုံးအစွန်းထိပ်လေးကို လေမဝင်အောင် လက်နဲ့ဖိပြီး လိင်တံအရင်းအထိ စွပ်ရမယ်... ဒါမှသာ လေမဝင်နိုင်ဘဲ ပေါက်ပြဲမှုမရှိမှာဖြစ်တယ်... ဒီလို အသုံးပြုပုံ စနစ်တကျရှိမှာသာ လုံးဝစိတ်ချရမှာ ဖြစ်လို့ပါ...
- နောက်ပြီး အရေးကြီးတာက တချို့လူတွေက ပိုစိတ်ချရအောင် ဆိုပြီး ကွန်ဒုံးကို ၂ ထပ်သုံးတာမျိုးရှိတယ်... အဲဒါဟာ လုံးဝ မှားယွင်းတဲ့ အယူအဆပဲ... ၂ ထပ်သုံးတဲ့အတွက် ကွန်ဒုံးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မိရာကနေ ပေါက်ပြဲသွားနိုင်တဲ့ အခွင့်အရေးပိုများလို့ပဲ...နောက်ပြီး အမျိုးသမီးအသုံးပြုတဲ့ ကွန်ဒုံးတွေလည်း ရှိသေးတယ်.. ဒါပေမယ့် အမျိုးသားသုံး ကွန်ဒုံးလောက် သုံးရ အဆင်မပြေတဲ့အပြင် ဈေးနှုန်းလည်း ကွာခြားတာကြောင့် သိပ်မတွင်ကျယ်ဘူးဗျ..."

"အင်မတန် .. မှတ်သားစရာ ကောင်းပါတယ်ဆရာ.."

"ဒါကတော့ အကောင်းဆုံးနည်းနာပေါ့.. ကွန်ဒုံးအသုံးပြုတာလေ... တစ်ချို့လူတွေကျပြန်တော့ ဒီလို ကွန်ဒုံးအသုံးပြုရတာကို မကြိုက်မနှစ်သက်သူတွေ ရှိကြတယ်ဗျ... သူတို့က အလွှာပါးပေမယ့် ကမ္ဘာခြားသလိုပါပဲဆရာရယ်လို့ ဆိုလာသူတွေလည်း ရှိပြန်တော့ ဒီလိုလူတွေမှာတော့ ခုဏက ကွန်ဒုံးလောက် စိတ်မချရတဲ့ အိမ်ထောင်ရှင်တွေမှာပါ သားဆက်ခြားနည်းအဖြစ်အသုံးပြုနိုင်တဲ့ ရက်ရှောင်တဲ့နည်း (Safe Period)တွက်နည်းလေးကို ထပ်ပြောပြချင်တယ်..."

"ဟုတ်ကဲ့ပါဆရာ... ဆက်ပြောပါဦး..."

"ဒီလို တွက်ချက်ဖို့ဆိုရင် ပထမဦးဆုံး အမျိုးသမီးရဲ့ ရာသီစက်ဝိုင်းကိုသိရပါမယ်... ဒီနည်းဟာ ရာသီသွေးပေါ်ချိန်မှန်သူတွေဆိုရင် ပိုစိတ်ချရတယ်... ရာသီစက်ဝိုင်းဆိုတာ ပြီးခဲ့တဲ့ ရာသီသွေးပေါ်ချိန်ရဲ့ ပထမဆုံးနေ့ကနေ နောက်တစ်ကြိမ် ရာသီသွေးပေါ်ချိန်ရဲ့ ပထမနေ့အထိကို ဆိုလိုပါတယ်... အဲဒီအချိန်အပိုင်းအခြားကို Menstrual Cycle (ရာသီစက်ဝိုင်း) လို့ခေါ်ပါတယ်... အမျိုးသမီးတွေမှာ ရာသီစက်ဝိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပဲ များသောအားဖြင့်တော့ ၂၆ ရက်ကနေ ၃၁ ရက်အထိ ရှိတတ်ကြတယ်... သားဥကြွေခြင်းဆိုတဲ့ Ovulation ဖြစ်စဉ်ဟာ ရာသီစက်ဝိုင်းရဲ့ တဝက်မှာဖြစ်ပေါ်တတ်ပါတယ်... ဆိုလိုတာက အမျိုးသမီးတစ်ယောက်ဟာ ၂၈ရက်တစ်ခါ ရာသီသွေးပေါ်တတ်ရင် အဲဒီရဲ့တဝက်ဖြစ်တဲ့ ၁၄ရက်မှာ Ovulation ဖြစ်ပါတယ်... ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိနိုင်ပါတယ်... အဲဒီ Ovulation မတိုင်ခင် ၁ပတ် နဲ့ Ovulation ဖြစ်ပြီး ၁ ပတ်တို့ဟာ ကိုယ်ဝန်ရနိုင်တဲ့ အချိန်ဖြစ်တဲ့ Fertile period ပါပဲ... အဲဒီအချိန်ကလွဲရင် ကျန်တဲ့အချိန်ဟာ စိတ်ချရတဲ့ကာလ SAFE PERIOD လို့သတ်မှတ်နိုင်ပါတယ်... တနည်းအားဖြင့် ရာသီ မလာခင် တစ်ပတ်နဲ့ ရာသီ လာပြီး တစ်ပတ်တို့ဟာ အဲဒီလို စိတ်ချရတဲ့ ကာလအပိုင်းအခြားပါပဲ... ဒါကြောင့် ဒီလို SAFE PERIOD ကိုတွက်ဖို့ဆိုရင် Fertile period ကိုသိရမယ်.. ကိုကျော်သာ မျက်စိထဲ မြင်သွားအောင် ကျွန်တော် ပုံလေးနဲ့ သေချာရှင်းပြပါ့မယ်..."

-------------------------------------------------------------------------------------

Fertile period ကိုတွက်ချက်ခြင်း။

ရာသီသွေးပေါ်ချိန် မှန်သူများအတွက်

- ရာသီစက်ဝိုင်း၏ တဝက်သည် သားဥကြွေချိန်ဖြစ်သည်။ သားဥကြွေချိန်မတိုင်မှီ ၇ ရက် နှင့် ကြွေပြီး ၇ ရက်တို့သည် FERTILE PERIOD ဖြစ်သည်။


ပ သွေးပေါ်----------------|==========*==========|----------------ဒုသွေးပေါ်


ပသွေးပေါ် = ရာသီသွေးစပေါ်ချိန်
ဒုသွေးပေါ် = နောက်တစ်ကြိမ် ရာသီသွေး ပေါ်ချိန်
* = သားဥကြွေချိန်
=== နှင့်ပြထားသော ကာလသည် ကိုယ်ဝန်ရနိုင်ချိန်ဖြစ်၍
--- ဖြင့်ပြထားသောကာလသည် SAFE PERIOD ဖြစ်သည်။

ရာသီသွေးပေါ်ချိန် မမှန်သူများအတွက်

- ရာသီသွေးပေါ်ချိန် အတိုဆုံးအချိန်မှ ၁၈ ရက် နုတ်ခြင်းသည် Fertile period ၏ ပထမရက်ဖြစ်သည်။
- ရာသီသွေးပေါ်ချိန် အရှည်ကြာဆုံးအချိန်မှ ၁၀ ရက် နုတ်ခြင်းသည် Fertile period ၏ နောက်ဆုံးရက်ဖြစ်သည်။

ဥပမာ- အမျိုးသမီးတစ်ဦး၏ ရာသီစက်ဝိုင်းမှာ ၂၆ ရက်မှ ၃၁ ရက်အထိ ကွာခြားတတ်သည်ဆိုပါစို့
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အတိုဆုံး ကာလ ၂၆ မှ ၁၈ ကိုနုတ် = ၈ ရက်
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အရှည်ဆုံးကာလ ၃၁ မှ ၁၀ ကိုနုတ် = ၂၁ ရက်

ထို့ကြောင့် ထိုအမျိုးသမီးအတွက် ရာသီလာချိန် ပထမရက်မှစတင်ရေတွက်လျှင် ၈ ရက်မြောက်နေ့မှ ၂၁ ရက်မြောက်နေ့အထိသည် Fertile period ဖြစ်သည်။ ထိုအချိန်မဟုတ်သည့် အခြားရက်များသည် SAFE PERIOD ဖြစ်သည်။

-----------------------------------------------------------------------------------

"ဒီလောက်ဆို ကိုကျော်သာ အခြေခံလောက် သဘောပေါက်မှာပါ..."

"ဟုတ်ကဲ့.. တော်တော်လေးကို သိသွားပါပြီဆရာ... ကျွန်တော်သိချင်တာလေး မေးပါရစေဆရာ... ခုဏက ဆရာရှင်းပြတဲ့အချိန်မှာ ဒီ နည်းသုံးတာဟာ အကာအကွယ်သုံးတဲ့ နည်းလောက် စိတ်ချရမှုမရှိဘူးလို့ ပြောခဲ့ပါတယ်... ကျွန်တော်သိချင်တာက ဘယ်လောက်အထိ ဒီနည်းက စိတ်ချရနိုင်ပါသလဲဆရာ.."

"အရမ်းကောင်းတဲ့ မေးခွန်းလေးပါပဲ... မှန်ပါတယ်.. ဒီနည်းကို စနစ်တကျအသုံးပြုနိုင်တဲ့ အခြေအနေမှာတောင် ကိုယ်ဝန်ရရှိနိုင်မှု အတိုင်းအတာကို လေ့လာစစ်ဆေးမှုတွေ လုပ်ကြည့်တဲ့အခါ တစ်နှစ်အသုံးပြုရင် လူအယောက် ၁၀၀ မှာ ၁၁.၉ ယောက်လောက် ကိုယ်ဝန်ရသွားနိုင်ပါတယ်.. ရာခိုင်နှုန်းအရ တွက်ချက်ရင်တော့ ၂၅% အထိ ကိုယ်ဝန်ရနိုင်မှု ရှိပါတယ်.."

"ဟုတ်ကဲ့ .. နောက်ထပ် တားနည်းလေးတွေ ရှိရင်လည်း ပြောပြပေးပါဦးဆရာ..."

"ဟုတ်ကဲ့... တားနည်းတွေကတော့ မျိုးစုံပါတယ်.... အဓိကအနေနဲ့ အိမ်ထောင်ရှင်တွေ အသုံးပြုတာများပါတယ်... OC Pills ဆိုတဲ့ တားဆေးသောက်သုံးတဲ့နည်း၊ Depo လို့ခေါ်တဲ့ တစ်လ(သို့) သုံးလခံဆေးထိုးတဲ့နည်း၊ သားကြောဖြတ်တဲ့နည်း တွေပါ... ဒါပေမယ့် ဒါတွေ အကြောင်းပါအခု အကုန်ပြောလိုက်ရင် ကိုကျော်သာ တော်တော် နားရှုပ်သွားလိမ့်မယ်.. နောက်ရက်တွေ အချိန်ရမှ ဆက်ဆွေးနွေးကြတာပေါ့ဗျာ..."

"ဟုတ်ကဲ့ပါဆရာ...ဒီနေ့တော့ ကျွန်တော့်အဖို့ တော်တော်လေး ဗဟုသုတတိုးသွားပြီ ဆရာရေ.. ကျွန်တော် မှတ်သလောက် တတ်သလောက်လေးကို တတ်နိုင်သမျှ လူငယ်တွေသိအောင် လက်ဆင့်ကမ်း ပြောပြပေးသွားပါ့မယ်ဆရာ... ဆရာလည်း ကျွန်တော့်ကို ရှင်းပြရတာနဲ့ တော်တော်ပင်ပန်းသွားပြီ.. ကျေးဇူးအထူးပါဆရာ..."

"ရပါတယ်ဗျာ... ကျွန်တော်တို့ ဆရာဝန်တွေမှာ ပြည်သူကို ကုသပေးဖို့ တာဝန်သာမက ပညာပေးဖို့တာဝန်ပါ ရှိပါတယ်..."

"ဟုတ်ကဲ့... ဒါဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦးဆရာ.. ခုလောက်ဆို အိမ်ကမိန်းမက ပြန်မလာနိုင်သေးလို့ ဒေါကန်နေရောမယ်ဗျ..."

"ဟုတ်ပြီ ကိုကျော်သာရေ... နောက်နေ့တွေမှ တွေ့ကြတာပေါ့ဗျာ...."

----------------------------------------------------------------------------------

by Dr. ကျော်စွာ on 19.8.2010 (11:45 pm)

Saturday, July 24, 2010

နှာဘူးပါဘုရား...

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့သော မြို့၊ရွာနာမည်တွေဟာ အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ... ဥပမာ.. ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့ ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ...အဲလိုပါ..ဘာကြောင့် ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ မသိရပါဘူး....။ ထားပါတော့လေ.. ခုက ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ အကြောင်းလေး ပြောပြချင်လို့ပါ... ရွာနာမည်က ဂွေးကြီးရွာတဲ့.. ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော် ကြီးတစ်ပါးကို ကိုးကွယ်ထားတာပေါ့လေ...။ ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့၊ရွာ ပညတ်ကိုလိုက်လို့ ပုဂ္ဂိုလ်ကိုပါ လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်စရာ မလိုပဲ 'ဂွေးကြီးဆရာတော်' ရယ်လို့ နာမည်တွင်သွားတာပေါ့... ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့ အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့.. မဖြစ်ချေဘူး...ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့ လုပ်မှပေါ့လေ... ဒါနဲ့ ကုသိုလ်လဲရ နာမည်လဲလှအောင် စေတီလေး တစ်ဆူတည်မယ်ပေါ့..။ ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။ စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ဝေစည် သွားတော့တယ်... "ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်" တဲ့. ဇာတ်က မပြီးသေးဘူးဗျ... တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး မဲဖောက်လှူကြတာကိုး...။ အစီအစဉ်ကြေငြာတဲ့ သူကလည်း ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ.. မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား..... တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ...အလှည့်ကျ အော်ပေးရင်း ဆိုင်ရာ ဆရာတော်တွေကလည်း အလှူခံရတာ..။ ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ...အစီအစဉ် ကြေငြာသူကလည်း ပေါက်တဲ့မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ် "ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား"တဲ့.. ကဲ ...ကောင်းရော...ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး လေ..."ဘာကွ"...လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်ပြင်အော်တယ်... "နှာရှူဗူးမဲပေါက်တာပါဘုရား"....တဲ့...။ ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချလို့ ပြန်ကြွသွားလေတော့သတဲ့...။

Forward Mail မှဟာသကို ပြန်လည်မျှဝေပါသည်။