Thursday, September 10, 2009

မယား ၇ မျိုး

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဖြစ်သည်။
သာဝတ္ထိပြည် အနာထပိဏ်သူဌေးကြီး၏ ချွေးမ သုဇာတာသည် ဓနဉ္စယသူဌေးကြီး၏ သမီး ဖြစ်သည်။ ဝိသာခါ၏ ညီမလည်း ဖြစ်သည်။ သုဇာတာသည် သျှောင်နောက်ဆံထုံး ပါလာခဲ့ရသဖြင့် အနာထပိဏ်သူဌေးကြီး၏ အိမ်သို့ ရောက်လာပြီးလျှင် ငါသည် ဆွေကြီး မျိုးကြီး၏ သမီး ဖြစ်သည်-ဟု လွန်စွာ မာနခက်ထန်နေ၏။

တနေ့တွင် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးအိမ်သို့ ရဟန်းငါးရာနှင့် ကြွတော်မူလာ၏။ သူဌေးကြီးသည် မြတ်စွာဘုရားထံ တရားနာနေစဉ်တွင် သုဇာတာသည် အိမ်သူအိမ်သားတို့အား ရိုင်းစိုင်းစွာ ဆူပူ ကြိမ်းမောင်းနေ၏။ မြတ်စွာဘုရားသည် သုဇာတာ၏ ကြမ်းတမ်းသော အသံများကို ကြားတော်မူသဖြင့် တရားဟောခြင်းကို ခဏရပ်ထားပြီး မည်သူ့အသံနည်း-ဟု မေးတော်မူ၏။

သူဌေးကြီးက ချွေးမသုဇာတာ၏ အသံဖြစ်ပါသည်။ လင်ဝတ် ယောက္ခမဝတ်များကို မပြုသည့်အပြင် အိမ်ရှိလူများကို အမြဲတမ်း ကြိမ်းမောင်းပြီး ရန်ဖြစ်နေပါသည်-ဟု လျှောက်ထား၏။
မြတ်စွာဘုရားသည် သုဇာတာကို ခေါ်စေ၍ အနားသို့ ရောက်လာသောအခါ သုဇာတာ-မယားခုနစ်မျိုးတွင် သင်သည် အဘယ်သို့သော မိန်းမ ဖြစ်ပါသနည်း-ဟု မေးတော်မူ၏။
အရှင်ဘုရား-အကျယ်ကို မိန့်တော်မူမှ တပည့်တော် သိနိုင်ပါမည်ဘုရား-ဟု သုဇာတာက လျှောက်ထား၏။

ဤတွင် မြတ်စွာဘုရားသည် မယားခုနစ်မျိုး အကြောင်းကို ဟောကြားတော်မူလေ၏။
၁။ လင်ကို သတ်ဖြတ်ရန် လုံ့လပြုနေသဖြင့် လူသတ်-နှင့်တူသော မယား။
၂။ လင်၏ ပစ္စည်းကို ခိုးသဖြင့် သူခိုး-နှင့်တူသော မယား။
၃။ လင်ကို အနိုင်ယူတတ်သဖြင့် အရှင်-နှင့်တူသော မယား။
၎။ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်သဖြင့် အမိ-နှင့်တူသော မယား။
၅။ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် နှမ-နှင့်တူသော မယား။
၆။ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် အဆွေခင်ပွန်း-နှင့်တူသော မယား။
၇။ လင်၏အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် ကျွန်မ-နှင့်တူသော မယား ဟူ၍ မယားခုနစ်ယောက် ရှိသည်။

သုဇာတာ ထိုခုနစ်ယောက်တို့တွင် လူသတ်နှင့်တူသော မယား, ခိုးသူနှင့်တူသော မယား, အရှင်နှင့်တူသော မယား, ဤမယားသုံးယောက်တို့သည် သေလျှင် ငရဲသို့ ရောက်ရ၏။
ကျန်မယား လေးယောက်တို့သည်ကား နိမ္မာနရတီ နတ်ပြည်သို့ ရောက်၏-ဟု ဟောတော်မူလေ၏။

ဤသို့ မြတ်စွာဘုရားဟောကြားတော်မူစဉ်မှာပင် သုဇာတာသည် ပါးပြင်းထောင်သောမြွေ အစွယ်ကျိုးသွားသည့်နှယ် သူ၏ဆွေကြီး မျိုးကြီးဟူသော မာန်မာနအစွယ်များ ကျိုးသွားပြီး သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် သုဇာတာအား မယားခုနစ်ယောက်တွင် အဘယ်မယားနည်း-ဟု မေးတော်မူရာ သုဇာတာက ကျွန်မနှင့်တူသော မယားပါဘုရား-ဟု လျှောက်ထားလေ၏။
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးလျှင် ဇေတ၀န်ကျောင်းတော်သို့ ကြွမြန်းတော်မူလေသတည်း။

( ဘုန်းသစ္စာ-မတ္တရာ )
ကျမ်းကိုး=ငါးရာ့ငါးဆယ် သုဇာတာဇာတ်။

From..mawluu.blogspot.com

No comments:

Post a Comment