Saturday, April 20, 2013

ဖိုးလမင်းနဲ့ ရွှေယုန်ပုံပြင်


လမင်းကြီး ထိန်ထိန်သာနေတဲ့ ညချမ်းအချိန်လေးတခုမှာရွှေယုန်နဲ့ သူ့ချစ်သူ ကောင်မလေးတို့ မြစ်ကမ်းနံဘေးမှာ တူတူထိုင်နေကြတယ်...ကောင်မလေးက ပြောတယ်.. 

"ကို.. သိပ်သာယာတာပဲနော်.. လမင်းကြီးကလည်း ထိန်ထိန်သာလို့... မေလေ.. အဲဒီလမင်းကြီး အရမ်းဖြစ်ချင်တာပဲ သိလား.."

"ဘာဖြစ်လို့? "

"သြော်.. ကို့ရဲ့ Nick က ရွှေယုန်မဟုတ်လား.. မေက လမင်းဆိုတော့ ကိုနဲ့မေ လမင်းနဲ့ လမင်းပေါ်ကယုန်လို အတူတွဲပြီး ရှိနေနိုင်တာပေါ့.. မကောင်းဘူးလား..?"

"မကောင်းပါဘူး.. ကိုကအဲဒီလို လမင်းနဲ့ယုန် မဖြစ်ချင်ပါဘူး..."

ကောင်မလေး စိတ်ဆိုးသွားတယ်.. ဒါနဲ့ ရွှေယုန်အနားကနေ ထသွားဖို့ ပြင်တယ်...

"နေပါဦး မေရဲ့.. ဒါက ဘာဖြစ်သွားတာလဲ?."

"ဘာဖြစ်ရမှာလဲ.. ဒီစကားက ကိုဟာ မေနဲ့တူတူ အမြဲမရှိချင်ဘူးဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား! "

"မဟုတ်ပါဘူးမေရယ်... ကို့ စကားကိုလည်း ဆုံးအောင် နားထောင်ပါဦး.. ကိုပြောမယ်.. သေချာနားထောင်နော်...
မိုးပေါ်က လမင်းမှာပေါ်တဲ့ ယုန်လေးက လမင်းကြီးကို မြင်တဲ့အခါတိုင်းသူ့ကို မမြင်ရဘူး.. လပြည့်ညတွေကျမှသာ သူတို့ကို ပြည့်ပြည့်ဝဝ အတူတူ မြင်ရတာ.. ကိုက မေနဲ့တူတူ ထာဝရ အမြဲတမ်း ရှိချင်တာ...
နောက်ပြီး လမင်းပေါ်မှာ ရှိနေတဲ့ ယုန်က တကယ်တမ်းမရှိဘူးလေ.. သူ့ကို မြင်ရတာဟာ လမင်းပေါ်က ချိုင့်ကြီးတွေပေါ်ကို အလင်းရောင် ကျတာကြောင့် မြင်ရတဲ့ ပုံရိပ်လေးတစ်ခုပဲ... ကို မေ့ကိုချစ်တဲ့ အချစ်က အဲလို ပုံရိပ်ယောင် တစ်ခုမှမဟုတ်တာ.. ခိုင်ခိုင်မာမာနဲ့ နက်နက်နဲနဲချစ်တဲ့အချစ်လေ..
နောက်ဆုံးတစ်ချက်က မေဟာ ကို့ဘဝအတွက် လမင်းကြီးလို တစ်လမှာ တစ်ခါပဲ အလင်းရောင်ပြည့်ပြည့်ဝဝ ပေးတဲ့သူမဟုတ်ဘူး.. ကို့ ကိုအမြဲ အလင်းရောင်ပေးနေတဲ့ ကို့ဘဝရဲ့ လမင်းလေးလေ.. အဲဒါကြောင့် ကိုက အဲဒီလမင်းနဲ့ ယုန်လို မဖြစ်ချင်ဘူးလို့ ပြောတာပါ.. ကဲ ရှင်းပြီလား... "


ကောင်မလေး ကျေနပ်သွားတယ်... အဲဒီလသာတဲ့ ညချမ်းလေးဟာလည်း ချစ်သူနှစ်ဦးအတွက် အလွန်ကြည်နူးဖွယ် ကောင်းတဲ့ ညချမ်းလေးတစ်ခု ဖြစ်လို့နေခဲ့ပါတော့တယ်...


written by KST (on 24.1.12)

No comments:

Post a Comment