မြင်တွေ့ခဲ့ရသော မြင်ကွင်းလေးက ကားစီးရင်း အမှတ်တမဲ့ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတစ်ခု... နေရာကတော့ ဆူးလေစေတီအဝိုင်း အနီးတွင် ... အချိန်အားဖြင့် နေ့လည်ခင်းအချိန်ခန့်... တွေ့လိုက်ရသည်ကတော့ စက္ကန့်ပိုင်းမျှလေးသာ... သို့သော် ထိုမြင်ကွင်းကိုမြင်ပြီးနောက် အချိန်အတော်ကြာအောင် အတွေးနယ်ချဲ့ ခဲ့မိသည်...
တွေ့လိုက်ရသည့် မြင်ကွင်းက ဤကဲ့သို့... နိုင်ငံခြားသားစုံတွဲ တစ်တွဲနှင့် မြန်မာစုံတွဲ တစ်တွဲ... မတ်တပ်ရပ်နေသော နိုင်ငံခြားသူ အမျိုးသမီး၏ ခြေထောက် တစ်ဖက်တွင် ဖိနပ်မရှိ... အဲသည် ဖိနပ်ကား မြန်မာအမျိုးသား၏ လက်ထဲတွင် ... ရန်ကုန်မြို့လယ် ဆူးလေစေတီအနီး နေ့လည်ခင်း နေပူပူအချိန်တွင် မြန်မာ အမျိုးသားက နိုင်ငံခြားသူ အမျိုးသမီး၏ ပြတ်နေသော ဖိနပ်ကို ချွေးသံတရွှဲရွှဲနဲ့ ခေတ္တမျှ အသုံးပြုသွားလာနိုင်အောင် ကူညီပြုပြင်ပေး နေပုံရသည်...
မတ်တပ်ရပ်နေသည့် သားသားနားနားဝတ်ဆင်ထားသည့် နိုင်ငံခြားသား စုံတွဲရှေ့မှာ နွမ်းပါးသော ဝတ်စုံလေးနဲ့ ငုတ်တုပ်လေးထိုင်ကာ ပြတ်နေသော မိန်းမစီးဖိနပ်တစ်ဖက်ကို ချွေးသံတရွှဲရွှဲနဲ့ ကြိုးစားပမ်းစားပြင်ဆင်နေသော မြန်မာစုံတွဲကို မြင်တွေ့ခဲ့ရခြင်းတည်း...
တကယ်ဆို ထိုနိုင်ငံခြားသူ အမျိုးသမီး၏ဖိနပ်ပြတ်သည့်ကိစ္စကို သူ့ဘေးမှ အဖော်ဖြစ်သူ အမျိုးသားက ဖြေရှင်းပေးနိုင်လောက်သည်... ဒါကို ကူညီသည့် မြန်မာစုံတွဲမှာ သူတပါး၏ ဒုက္ခကို ကူညီပေးတတ်သော မြန်မာပီပီ ဝင်ရောက်ကူညီပေးခြင်း ဖြစ်နိုင်ပါသည်...
ဤသို့ဆိုလျှင် ကျွန်တော်တို့ မြန်မာအမျိုးသမီးတစ်ဦး သူတို့နိုင်ငံတွင် ယခုကဲ့သို့ ဒုက္ခရောက်လျှင်ကော အလားတူကူညီမှုမျိုး ရရှိနိုင်ပါမည်လော... ကျွန်တော်တွေးမိပြန်ပါသည်... သိပ်တော့ မထင်လှ...
ယခုကဲ့သို့ ကူညီရိုင်းပင်းတတ်သော စိတ်ထားမျိုးသည် မြန်မာလူမျိုးများတွင်သာ အများအပြား ရှိတတ်သည်ကို တွေးမိတော့ ကျွန်တော် ဂုဏ်ယူမိလေသည်...
တဖန် နောက်ထပ်တမျိုး အတွေးနယ်ချဲ့မိပြန်သည်... တိုင်းတပါးသား အမျိုးသမီးတစ်ဦး၏ ဖိနပ်ကို အောက်ကျခံပြီး ပြုပြင်ပေးသော ထိုမြန်မာအမျိုးသား၏ စိတ်သည် ကူညီရိုင်းပင်းလိုမှု တစ်ခုတည်းမှ ဟုတ်ပါလေစ... ဆင်းရဲနွမ်းပါးသော သူတို့ဘဝ အတွက် ထိုတိုင်းတပါးသား စုံတွဲကို ကူညီခြင်းကြောင့် တုန့်ပြန်မည့် တစုံတခုကို မျှော်ကိုးပြီး ဖိနပ်ကဲ့သို့နိမ့်ကျသော ပစ္စည်းမျိုးကို ကြိုးစား ပြုပြင်ပေးခြင်းလော...??
သည်အတွေးဝင်လာမိတော့ ကျွန်တော် သိမ်ငယ်မိပြန်လေသည်... ကျွန်တော်တို့ မြန်မာလူမျိုးတို့၏ နဂိုမူလ ကူညီရိုင်းပင်းတတ်သည့် စိတ်ဓါတ်တို့သည် တိုင်းတပါးသားတို့က ကူညီမှုကို အသိအမှတ်ပြုသောအားဖြင့် ချီးမြှင့်တတ်သည့် ငွေကြေးတန်ဖိုးတစ်ခု အောက်တွင် တစစ ပြောင်းလဲလာခဲ့ကြသည်...
ထိုအတွက် ကူညီမှုကို ငွေကြေးဖြင့် တုန့်ပြန်တတ်သော တိုင်းတပါးသား တို့အား အပြစ်တင်ရမည်လော... ရရှိလာသော ငွေကြေးအပေါ်တွင် နွမ်းပါးသော ဘဝတို့ကြောင့် သာယာတိမ်းမူးမိကာ မူလကူညီတတ်သည့် စိတ်မှ ရယူလိုစိတ်ရှိလာခဲ့ကြသော အချို့ မြန်မာလူမျိုးများကို အပြစ်တင်ရမည်လော...
ထိုနေ့က အတွေးပေါင်းများစွာဖြင့် ကျွန်တော်ကျင်လည်နေခဲ့သည်... ခေတ္တခဏမျှ မြင်ခဲ့ရသော ထိုမြင်ကွင်းကြောင့် "ကမ္ဘာပေါ်တွင် ကူညီရိုင်းပင်းစိတ်ရှိသည့် မြန်မာဟေ့!!" ဟု ကျွန်တော်ဂုဏ်ယူဝင့်ကြွားရမည်လား ?? သို့တည်းမဟုတ် နွမ်းပါးသော ဘဝတို့ကြောင့် တိုင်းတပါးသားလူမျိုး တစ်ဦး၏ ဖိနပ်ကိုပင် အောက်ကျို့ခံပြုပြင်ပေးနေရသည့် ကျွန်တော်တို့လူမျိုးများအတွက် သိမ်ငယ်ဝမ်းနည်း ရမည်လား??? ကျွန်တော် ဝေခွဲမရခဲ့...
Dr. ကျော်စွာ (18.4.13)
No comments:
Post a Comment