ဘုန်းကြီးနှစ်ပါးခရီးသွားရင်း မြစ်တစ်စင်းအနားကနေ ဖြတ်သွားနေတုန်းမှာ ကောင်းမွန်သားနားစွာ ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက် မြစ်ကို ဖြတ်ကူးဖို့ ကြံရာမရဖြစ်နေတာကို တွေ့လိုက်ရတယ်... မိန်းမငယ်ဟာ သူမရဲ့ အဖိုးတန် အဝတ်အစားတွေကို စိုစွတ်ပျက်ဆီးကုန်မှာ စိုးတဲ့အတွက် ရေအနည်းငယ်နက်တဲ့ မြစ်ကိုဖြတ်ကူးဖို့ အခက်အခဲတွေ့နေတာ ဖြစ်ပါတယ်...
ခရီးသွားဘုန်းကြီး နှစ်ပါးထဲက တစ်ပါးဟာ မိန်းကလေးကို ကူညီတဲ့ အနေနဲ့ မိန်းကလေးကို ကျောပိုးပြီး မြစ်ကို ဖြတ်ကူးကာ မြစ်တဖက်ကမ်း ခြောက်သွေ့တဲ့ မြေပြင်ပေါ်အထိ လိုက်လံပို့ဆောင် ကူညီပေးလိုက်ပါတယ်... အဲဒီနောက် ဘုန်းကြီးနှစ်ပါးဟာ ခရီးဆက်ထွက်လာခဲ့ကြတယ်...
ခရီးဆက်ထွက်လာကြရင်း ၁ နာရီမျှကြာတဲ့ အခါမှာတော့ ခရီးသွားဖော် ဘုန်းကြီးက ယခုလို စတင်စကားဆိုပါတယ်...
“ကိုယ်တော်... တပည့်တော်တို့ရဲ့ ဝိနည်းကျင့်ဝတ်တွေထဲမှာ မိန်းမများနဲ့ ကင်းရှင်းစွာ နေဖို့၊ နီးနီးကပ်ကပ် ထိတွေ့မဆက်ဆံရဘူးလို့ ပါရှိပါတယ်... ကိုယ်တော်ဟာ ဘာဖြစ်လို့ ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး မိန်းကလေးကို ကျောပိုး ကူညီရတာလဲ ??”
မိန်းကလေးကို ကူညီခဲ့တဲ့ ကိုယ်တော်ဟာ ဘာမှ ပြန်မပြောဘဲ ခရီးကိုသာ ဆက်ပါတယ်... ဘေးက ကိုယ်တော်ကလည်း ဒီမေးခွန်းကိုသာ ထပ်တလဲလဲ မေးလို့နေပါတယ်...
ဒါကြောင့် နောက်ဆုံးမှာတော့ ကူညီမှုကို ပြုခဲ့တဲ့ ဘုန်းကြီးက ယခုလို မှတ်ချက်ပြု ပြောပါတယ်...
“တပည့်တော် အဲဒီ ဒကာမကို ကျောကုန်းပေါ်ကနေ ချခဲ့တာ လွန်ခဲ့တဲ့ တစ်နာရီ ကျော်ကတည်းက ဖြစ်ပါတယ်... ကိုယ်တော်ဟာ ဘာကြောင့် ခုထက်ထိ စိတ်ထဲမှာ ထမ်းပိုးထားနေသေးတာလဲ ??”
---------------------------------===-------------------------------
တချို့တချို့သော အရာတွေဟာ သူများရဲ့ ကိစ္စပင်ဖြစ်နေလင့်ကစား မိမိကထမ်းပိုးမိရင် မိမိရဲ့ ဒုက္ခအဖြစ်ရောက်ရှိ လာတတ်ပါတယ်... ကိုယ့်စိတ်ကိုဒုက္ခရောက်စေမယ့် ကိစ္စတွေကို ဘယ်တော့မှ သင်ထမ်းပိုးမထားပါနဲ့.... အဲဒီအတွက် သင့်မှာ ပင်ပန်းလေးလံနေရပါလိမ့်မယ်...
ဒါကြောင့် လွှတ်ချသင့်ရင် လွှတ်ချခဲ့လိုက်ပါ...
Dr. ကျော်စွာသက် (28.3.13)
Ref: : Two Monks
No comments:
Post a Comment